ရန်ကုန်၊ ဇူလိုင် ၈
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ မြန်မာ-ထိုင်းနယ်စပ်ဒေသတွင် ယနေ့ ဇူလိုင် ၈ ရက်နေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံဘက်သို့ ကျော်လွန်ကျရောက်ခဲ့သဖြင့် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ရှိ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာ AEC က ဖော်ပြထားသည်။
ယနေ့တွင် မြန်မာစစ်တပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်မ ၂၂ နှင့် DKBA တပ်ဖွဲ့တို့က ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များရှိရာ မြဝတီမြို့နယ် ဖလူးကျေးရွာ၊ မင်းလက်ပန်ကျေးရွာ၊ ဖလူးသုသာန်နှင့် ထီးနူးခရိုစခန်းအနီး နယ်စပ်ဒေသများသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းတိုက်ပွဲများအတွင်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အချို့သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဟာဝန်ကျေးရွာအုပ်စု ဟွိုင်မဟာဝေါင်းကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ သို့သော် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု မရှိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။
လတ်တလော ထိုင်းတပ်မတော် ရတ်ချမနူး အထူးတပ်ဖွဲ့၊ မဲဆောက်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၃၄၆)၊ ဒေသခံအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်စပ်ဒေသ လုံခြုံရေးအခြေအနေနှင့် တိုက်ပွဲရှောင်များကို လက်ခံနိုင်သည့် ယာယီလုံခြုံရေးစခန်းများအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုများအရ သတ်မှတ်ထားသော လုံခြုံရေးစခန်းများတွင် တိုက်ပွဲရှောင် လူဦးရေ ၃၀၀ ခန့်ကို လက်ခံစောင့်ရှောက်နိုင်သည့် အဆင်သင့်အနေအထားရှိကြောင်း တွေ့ရှိရသော်လည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံဘက်မှ တိုက်ပွဲရှောင်များ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်း မရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ထို့အပြင် ထိုင်းတပ်မတော်နှင့် သက်ဆိုင်ရာအာဏာပိုင်များက ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့သည့် ကျည်များကို သွားရောက်စစ်ဆေးရာ ဟွိုင်မဟာဝေါင်းကျေးရွာအတွင်း ၁၂ ဒသမ ၇ မီလီမီတာ အရွယ်ရှိ ကျည်သုံးတောင့်ကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါကျည်များကြောင့် ဒေသခံပြည်သူများ၏ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။






