25.1 C
Yangon

ဂန့်ဂေါတွင် စစ်တပ် ကင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ၊ လောင်းလုံးမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာတွင် အကြမ်းဖက် စစ်တပ်ကင်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း Black Dragon Force အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့ မြစ်သာမြစ်ကူး ဝီလပ်တံတား အနောက်ဘက်ခြမ်းရှိ အနောက်ဂန့်ဂေါကျေးရွာဘက်သို့ ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ စစ်သား အင်အား ၁၀ ဦးခန့်သည် ကင်းစောင့်ရန် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဂန့်ဂေါမြို့ ဆေးရုံတွင် တက်ရောက် ကုသနေရကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အပြန်အလှန် ပစ်ခတ်ချိန်က ၁၅ မိနစ်လောက်ပဲ ကြာတယ်။ စစ်ခွေးတွေရဲ့ ဆေးလိပ်မီးရောင်ထွက်နေလို့ ကိုယ့်ဘက်က ကင်းတိုးပြီး စကပ်တာ အဲဒီမှာ စစ်တပ်ဘက်က အရင်စပစ်လို့ နှစ်ဖက် ပစ်ခတ်မှုဖြစ်တာပေါ့။ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေး ၂ ကောင် ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ သိရတယ်” ဟု Black Dragon Force အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင် ၆ ရက်နေ့ ည ၇ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက ညင်းမော်ရွာနဲ့ စစ်ပြဲရွာကို သွားလိုက်ပြန်လိုက်လုပ်နေတာ ရွာထဲတော့ မ၀င်လာဘူး။ အခုတိုက်ခိုက်တာက အဲ့ကောင်တွေ မြို့ပေါ်ပြန်ရောက်ပြီး ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတုန်း ဒရုန်းနဲ့ သွားတာလို့သိရတယ်။ စစ်ခွေး ထိခိုက်မှု အရေအတွက်တော့ အတည်မပြုနိုင်ပေမယ့် ထိခိုက်မှုတော့ရှိပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ဇူလိုင်လ ၁ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ရိက္ခာနှင့် လူအင်အားများ ထပ်မံဖြည့်တင်းသော အင်အား ၁၅၀ ခန့်ဖြင့် စစ်ပြဲကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်လာသောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လောင်းလုံးမြို့ပေါ်သို့ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article