ရန်ကုန်၊ ဇူလိုင် ၉
မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နှင့် အခြားနိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ဆက်လက်ချမှတ်ထားသော်လည်း မြတ်မေတ္တာမွန် (Myat Myittar Mon Group)၊ Heyday Energy Trading Co Ltd၊ Brighter Energy Co Ltd၊ စင်ကာပူအခြေစိုက် BAI Pte Ltd နှင့် ယူအေအီးအခြေစိုက် Maruti Energy DMCC အပါအဝင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများက မြန်မာစစ်တပ်ထံ လေယာဉ်ဆီနှင့် စက်သုံးဆီများ ဆက်လက်ထောက်ပံ့ပေးနေကြောင်း The Diplomat က သတင်းဖော်ပြသည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုများကို ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ဆိပ်ကမ်းစာရွက်စာတမ်းများ၊ ပေါက်ကြားလာသည့် ဘဏ်မှတ်တမ်းများ၊ သင်္ဘောသွားလာမှု အချက်အလက်များနှင့် အများပြည်သူ သိရှိနိုင်သည့် သတင်းအချက်အလက်များကို အခြေခံ၍ လေယာဉ်ဆီထောက်ပံ့ရေးကွန်ရက်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အစပိုင်းတွင် လေယာဉ်ဆီများကို မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်ပို့ခဲ့သော်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ချမှတ်လာပြီးနောက် မူလပေးသွင်းသူများကို ဖုံးကွယ်နိုင်ရန် ကုမ္ပဏီအများအပြားနှင့် နိုင်ငံအများအပြားကို ဖြတ်သန်းကာ အဆင့်ဆင့် ရောင်းဝယ်တင်ပို့သည့် နည်းလမ်းများကို အသုံးပြုလာကြောင်း ဖော်ပြထားသည်။
စင်ကာပူအခြေစိုက် BAI Pte Ltd သည် စားသောက်ကုန်လုပ်ငန်းအဖြစ် မှတ်ပုံတင်ထားသော်လည်း မြန်မာနိုင်ငံရှိ မြတ်မေတ္တာမွန်ကုမ္ပဏီအုပ်စု၊ ရွှေဗျိုင်းဖြူကုမ္ပဏီ၊ Vital Energy Ltd၊ Heyday Energy Trading Co Ltd နှင့် Brighter Energy Co Ltd တို့ထံ ရေနံထွက်ပစ္စည်းများ ပေးသွင်းနေကြောင်း သင်္ဘောတင်စာရွက်စာတမ်းများအရ တွေ့ရှိရသည်ဟု စုံစမ်းစစ်ဆေးမှုက ဆိုသည်။
အဆိုပါကုမ္ပဏီများတွင် ဒေါက်တာဝင်းမြင့် က မြတ်မေတ္တာမွန်ကုမ္ပဏီအုပ်စု (Myat Myittar Mon Group)၊ ထက်ခိုင်ဝင်းက Heyday Energy Trading Co Ltd၊ သိန်းဝင်းဇော် က ရွှေဗျိုင်းဖြူကုမ္ပဏီ (Shwe Byain Phyu Co Ltd)၊ အောင်ကိုဝင်းက Brighter Energy Co Ltd ကို ပိုင်ဆိုင်ထားကြသည်။
ထို့ပြင် BAI Pte Ltd ၏ အတွင်းရေးရာ မှတ်တမ်းတစ်ခုတွင် “Iran-Myanmar TCR 1554” ဟု အမည်ပေးထားသည့် စာရွက်စာတမ်းကို တွေ့ရှိခဲ့ပြီး ယင်းအချက်သည် အီရန်နှင့် မြန်မာနိုင်ငံအကြား လောင်စာဆီကုန်သွယ်ရေး လမ်းကြောင်းရှိနေကြောင်း ညွှန်ပြနေသည်ဟု စုံစမ်းစစ်ဆေးသူများက သုံးသပ်ထားသည်။
စုံစမ်းတွေ့ရှိချက်များအရ MT Great Lake အမည်ရှိ ပနားမားအလံတင် သင်္ဘောသည် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ Jet A-1 လေယာဉ်ဆီများ ပို့ဆောင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းမှတ်တမ်းများက ဖော်ပြထားသည်။ ယင်းသင်္ဘောသည် မလေးရှားနိုင်ငံတွင် သင်္ဘောချင်း ဆီလွှဲပြောင်းတင်ဆောင်ပြီးနောက် AIS သင်္ဘောတည်နေရာပြစနစ်ကို လိမ်လည်အသုံးပြုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်နေသကဲ့သို့ ဖော်ပြခဲ့ကြောင်း၊ ယင်းသည် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရာတွင် အသုံးပြုလေ့ရှိသည့် နည်းလမ်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ဖော်ပြထားသည်။
သင်္ဘောတင်စာရွက်စာတမ်းများအရ MT Great Lake သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ မြတ်မေတ္တာမွန်၊ Brighter Energy၊ Vital Energy နှင့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်နေသည့် အခြားကုမ္ပဏီများထံ ရေနံထွက်ပစ္စည်း တန်ချိန် ၉၀,၀၀၀ ခန့် ပို့ဆောင်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines – MNA) အတွက်လည်း လေယာဉ်ဆီများ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် Palau နိုင်ငံအလံတင် MV Golden ES သင်္ဘောသည်လည်း အီရန်နိုင်ငံမှ ယူရီးယားနှင့် အခြားရေနံထွက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်ရာတွင် ပါဝင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းအခြေစိုက် Maruti Energy DMCC သည်လည်း အီရန်နိုင်ငံထုတ် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ သယ်ယူရောင်းဝယ်ရာတွင် ပါဝင်နေကြောင်း ဖော်ထုတ်ထားသည်။ ယင်းကုမ္ပဏီနှင့် ဆက်စပ်သင်္ဘောလိုင်းများသည် မြတ်မေတ္တာမွန်ကုမ္ပဏီထံ ဒီဇယ်၊ ယူရီးယားနှင့် အခြားရေနံထွက်ပစ္စည်းများ ပို့ဆောင်ပေးခဲ့ကြောင်းလည်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။
အလားတူ ယူအေအီးအခြေစိုက် Phoenix Ship Management FZE သည်လည်း Nebula Drift၊ Aether Sail၊ Tidal Rhythm နှင့် Voyager Haven သင်္ဘောများကို အသုံးပြုကာ အီရန်နိုင်ငံထုတ် condensate၊ naphtha နှင့် အခြားရေနံထွက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယင်းတွေ့ရှိချက်များနှင့် ပတ်သက်၍ BAI Pte Ltd၊ Maruti Energy DMCC နှင့် မြတ်မေတ္တာမွန်ကုမ္ပဏီအုပ်စုတို့ထံ အီးမေးလ်ဖြင့် မေးမြန်းခဲ့သော်လည်း သတင်းထုတ်ပြန်ချိန်အထိ သက်ဆိုင်ရာကုမ္ပဏီများထံမှ တုံ့ပြန်ချက် မရရှိသေးကြောင်း ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးသူများ၏ သုံးသပ်ချက်အရ မြန်မာစစ်တပ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း မြေပြင်နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးလာသဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အဓိကအားပြုလာခဲ့ပြီး ယင်းစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နိုင်ခြင်းမှာ လေယာဉ်ဆီနှင့် စက်သုံးဆီများကို နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကြားမှ ဆက်လက်ရရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- Brighter Energy ပိုင်ရှင် အောင်ကိုဝင်းနှင့် မင်းအောင်လှိုင်ကို အိန္ဒိယခရီးစဉ်တွင် တွေ့ရစဉ်။




