25.9 C
Yangon

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ထွေ/အုပ်ရုံးမှ ဒုညွှန်ကြားရေးမှူး ထွန်းထွန်း၏ လူမှုရေးဖောက်ပြန်မှုကြောင့် စကားများရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူ နှင်းနှင်းစိုးက မိမိကိုယ်ကို မီးရှို့၊ မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတွင် ၁၀ ရက်ကြာ ကုသမှုခံယူပြီးနောက် သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ထွန်းထွန်း၏ လူမှုရေးဖောက်ပြန်သော အိမ် ထောင်ရေးပြဿနာနှင့်ပတ်သက်၍ စကားများရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူ နှင်းနှင်းစိုးက မိမိကိုယ်ကို ဓာတ်ဆီလောင်း၍ မီးရှို့ရာမှ မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက် ညပိုင်းတွင် အသက် ၅၃ နှစ်အရွယ် နှင်းနှင်းစိုးနှင့် ခင်ပွန်းဖြစ်သူ ထွေ/အုပ် ဒုညွှန်ကြားရေးမှူး ထွန်းထွန်းတို့အကြား လူမှုရေးဖောက်ပြန်သော အိမ်ထောင်ရေး ပြဿနာနှင့် စကားများ ရန်ဖြစ်ကြကြောင်း၊ ဒုညွှန်မှူး ထွန်းထွန်းက ပြင်ပတွင် အမျိုးသမီး ၁ ဦးနှင့် ပေါင်းသင်းနေသည့်ကိစ္စကြောင့် အကြီး အကျယ် စကားများရန်ဖြစ်ပွားခဲ့ရာမှ ဇနီး နှင်းနှင်းစိုးက မိမိကိုယ်ကို ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့ ညပိုင်း မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သော ဇနီးဖြစ်သူ နှင်းနှင်းစိုးကို ခင်ပွန်း ဒုညွန်မှူး ထွန်းထွန်းက မီးငြိမ်းသတ်ပေးပြီး မီးလောင်ဒဏ်ရာအကြီးအကျယ်ရရှိသော နှင်းနှင်းစိုးကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၁၀ ရက်အကြာ ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၅ ရက် နံနက် ၈ နာရီခန့်အချိန် မီးလောင်ဒဏ်ရာများဖြင့် နှင်းနှင်းစိုး သေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ပြောသည်။

“ဦးထွန်းထွန်းက ဟိုတယ်မှာ အမျိုးသမီးတစ်ဦးနဲ့ တည်းခိုနေထိုင်နေတဲ့ကိစ္စကနေ စကားများကြတာဖြစ်ပြီး နောက်ပိုင်း ဆွေမျိုးရေးရာကိစ္စတွေပါ ပါလာလို့ အငြင်းပွားမှု ပိုကြီးသွားတယ်။ အဲဒီနောက် ဒေါ်နှင်းနှင်းစိုးက ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကို မီးရှို့ခဲ့တာ။ ဆေးရုံမှာ ၁၀ ရက်လောက် ဆေးကုသမှု ခံယူပြီး ဆုံးတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ဒုညွှန်မှူးထွန်းထွန်းမှာ အမျိုးသမီးရေးရာ ဖောက်ပြန်သော ကိစ္စများကြောင့် ဇနီးဖြစ်သူနှင့် မကြာ ခဏ အငြင်းပွားမှုများရှိခဲ့ပြီး ယခုဖြစ်စဉ်မှာလည်း ယင်းအခြေအနေများနှင့် ဆက်စပ်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ သဘာဝအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေးနိုင်ရန် တောင်ကြီးနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃၁/၂၀၂၆) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article