ရန်ကုန်၊ ဇူလိုင် ၁၀
ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ စက်သုံးဆီဝယ်ယူရန် ပြည်သူများ ပြန်လည်တန်းစီနေရပြီး ဆီဈေးနှုန်းများ လျှော့ချထားသော်လည်း ဆီခွဲတမ်း အလုံအလောက် မရရှိသဖြင့် အရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။
မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်အများအပြားတွင် “ဆီပြတ်” ဟုဆိုကာ အရောင်းရပ်နားထားသည့် ဆိုင်များရှိနေပြီး လမ်းဘေးမှောင်ခိုရောင်းချသူများထံတွင်မူ စက်သုံးဆီများ ပုံမှန်ရရှိနေကာ ဈေးနှုန်းများလည်း တရားဝင်ရည်ညွှန်းဈေးထက် နှစ်ဆကျော် မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် 92 ဓာတ်ဆီကို တရားဝင်ရည်ညွှန်းဈေး တစ်လီတာ ကျပ် ၃,၅၀၀ ဝန်းကျင်ဖြင့် ရောင်းချနေသော်လည်း ပြင်ပမှောင်ခိုဈေးကွက်၌ တစ်လီတာ ကျပ် ၈,၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
“ဒီနေ့ ဆီလိုက်ထည့်တာ ဆိုင် ၇ ဆိုင်လောက် ရှိတယ်။ တစ်ဆိုင်မှာမှ မရခဲ့ဘူး။ ဆိုင်ကြီးတွေက ‘ဆီပြတ်တယ်’ ဆိုပြီး ပိတ်ထားကြပေမယ့် လမ်းဘေးသုံးဘီးတွေနဲ့ ရောင်းတဲ့ မှောင်ခိုဆီတွေကတော့ မပြတ်ဘူး။ အခုဆို 92 တစ်လီတာ ၈,၀၀၀ ကျပ်အထိ ရောင်းနေတယ်။ ပြည်သူတွေ သွားလာရေး အတော်လေး ခက်ခဲနေပါတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
၎င်းက စုံနံပါတ်၊ မနံပါတ်စနစ်ဖြင့် ဆီရောင်းချနေခြင်းကြောင့် စုံရက်တွင်သာ ဆီရရှိပြီး မရက်များတွင် ဆီပြတ်လပ်လေ့ရှိသလို ဆီဆိုင်များက နံနက် ၉ နာရီခွဲခန့်တွင်ပင် 92 နှင့် 95 ဓာတ်ဆီများ ကုန်သွားကြောင်း ကြေညာလေ့ရှိပြီးနောက် ပြင်ပမှောင်ခိုဈေးကွက်တွင် ဆီများ ဆက်လက်ရောင်းချနေကြောင်းလည်း ဆိုသည်။
ရန်ကုန်မြို့တွင်လည်း ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ စက်သုံးဆီဝယ်ယူရန် ဆီဆိုင်များရှေ့တွင် ကားတန်းများ ပြန်လည်ပေါ်ပေါက်လာကြောင်း သိရသည်။
“မနေ့မနက်ကတည်းက ဆီဝယ်ရခက်လာတာ။ ဆိုင်တိုင်းလိုလိုမှာ တန်းစီနေရတယ်။ အရင်တုန်းကလို ကားတန်းအရှည်ကြီးတော့ မဟုတ်သေးပေမယ့် ဒီနေ့မနက်ဆို ပိုဆိုးလာတယ်။ ကားတန်းတွေ ပိုရှည်လာတယ်။ ဆီဈေးကတော့ ကျလာတယ်” ဟု ရန်ကုန်မြို့ရှိ Taxi ယာဉ်မောင်းတစ်ဦးက ပြောသည်။
ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအရ 92 ဓာတ်ဆီ တစ်လီတာလျှင် ၁၁၀ ကျပ်၊ 95 ဓာတ်ဆီ ၁၀၀ ကျပ် လျှော့ချခဲ့ပြီး ပရီမီယံဒီဇယ်ကို ၁၀ ကျပ် လျှော့ချထားသော်လည်း ရိုးရိုးဒီဇယ်ကို ၅ ကျပ် တိုးမြှင့်ထားကြောင်း သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ လက်ရှိတွင် တရားဝင်ဈေးနှုန်း များ ကျဆင်းနေသော်လည်း ပြည်ပမှ တင်သွင်းသည့် ဆီခွဲတမ်း လျော့နည်းလာခြင်းကြောင့် ဆီဆိုင်များသို့ ဖြန့်ဝေပေးနိုင်သည့် ပမာဏ မလုံလောက်ဘဲ ဝယ်လိုအားနှင့် မမျှတသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန် ရည်ရွယ်၍ စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်းမှုများကို လျှော့ချနေပြီး လျှပ်စစ်ကား (EV) များကို ပိုမိုအသုံးပြုရေး မူဝါဒများကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- မန္တလေးတွင် ဆီများ တန်းစီဝယ်ယူခဲ့ရစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)




