ရန်ကုန်၊ ဇူလိုင် ၁၀
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းများကြောင့် မြို့နယ်အများစုတွင် ရေကြီးရေလွှမ်းမိုးမှုများဖြစ်ပွားကာ လက်ရှိချိန်အထိ ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ် ၂၄၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း စာရေးဆရာ ဝေဟင်အောင် ပြောဆိုချက်နှင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ ၅ ရက်နေ့တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၄၀ ခန့်နှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ယင်းနောက်ပိုင်းတွင် မိုးရွာသွန်းမှု ရက်ဆက်ပြင်းထန်လာကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစု၌ ရေကြီးရေလွှမ်းမိုးမှုများ စတင်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၇၀ နှင့်အထက် ရေကြီးရေလွှမ်းမိုးမှု ဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း၊ ယင်းရေဘေးကြောင့် လတ်တလောတွင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး၊ လမ်း၊ တံတားတချို့ ထိခိုက်ပျက်စီးခြင်း၊ မြေပြိုခြင်းနှင့် ကမ်းပါးပြိုခြင်း ဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။
ရေဘေးသင့် ရခိုင်ပြည်သူများကို ကူညီပေးနေသူ စာရေးဆရာဝေဟင်အောင်က “လက်ရှိ ရေဘေးက စုစုပေါင်း ၈ မြို့နယ်လောက်က ခံစားနေရတယ်။ မြို့ပေါ်အနေနဲ့ဆို မြောက်ဦးမြို့ပေါ်က ရပ်ကွက်အချို့နဲ့ မင်းပြားမြို့အထက်ဘက်က ရပ်ကွက်တချို့ကတော့ ရေနစ်မြုပ်နေတယ်။ မြို့နယ်အနေနဲ့ဆို ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်မြို့နယ်တွေက ရွာတွေက ရေနစ်မြုပ်နေတယ်။ အထူးသဖြင့် မြစ်နားချောင်းနားက ကျေးရွာတွေ အကုန်လုံးနီးပါးက ရေနစ်မြုပ်နေတယ်။ မြစ်အနေနဲ့ ကုလားတန်မြစ်နဲ့ လေးမြို့မြစ် ဝဲယာကရွာတွေက ရေနစ်မြုပ်နေတယ်။ အခုရေနစ်မြုပ်နေတဲ့နေရာတွေက လူနေထူထပ်တဲ့နေရာတွေဖြစ်လို့ ကျနော် ခန့်မှန်းတာတော့ လူဦးရေ ၁ သိန်းဝန်းကျင်လောက် ရေဘေးဒဏ်ကို ခံစားနေရတယ်” ဟု ပြောဆိုသည်။
လက်ရှိချိန်တွင်လည်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေသဖြင့် အထက်ပါ မြို့နယ်များတွင် ရေကြီးရေလွှမ်းမိုးမှု အခြေအနေများမှာ ပို၍ ဆိုးရွားလာနိုင်ခြေရှိပြီး တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာသည့် အရေးပေါ်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် HDCO အနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဌာနများ၊ သက်ဆိုင်ရာလူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်အတူ ရေဘေးတုံ့ပြန်ရေးလုပ်ငန်းများကို အလေးထား ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အကူအညီပေးရေးအဖွဲ့အစည်းများအနေဖြင့်လည်း အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ပေးရန် အသိပေးတိုက်တွန်းထားသည်။
ဆရာဝေဟင်အောင်က ဆက်လက်၍ “လက်ရှိမှာ မြေနိမ့်ပိုင်းဒေသက ရေနစ်မြုပ်နေတဲ့ကျေးရွာတွေက ကုန်းမြင့်ဒေသကို ရွှေ့ပြောင်းနေထိုင်ရတဲ့အတွက် အဓိကကတော့ ဒီဆင်းရဲသားပြည်သူတွေအတွက် စားရေးသောက်ရေးက အခက်အခဲရှိပါတယ်။ ဒီပြဿနာတွေကို ကျနော်တို့ ဝိုင်းဝန်းပြီးဖြေရှင်းနေတယ်။ အထူးသဖြင့် ULA/AA ဘက်ကနေ ဦးဆောင်ပြီးတော့ ဒီရက်ပိုင်းအနေနဲ့ နိုင်သလောက်လက်လှမ်းမှီသလောက် ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ဝိုင်းဝန်းကူညီကယ်ဆယ်ရေးတွေလုပ်နေပါတယ်။ တစ်နေရာကနေတစ်နေရာရွှေ့ရပြီဆိုရင် စားဝတ်နေရေးကတော့ အခက်အခဲတွေရှိပါတယ်။ ဒါပေမယ့် ဒီဟာကလဲ ကျနော်တို့ ဥပေက္ခာ ပြုလို့မရဘူးပေါ့နော် ဝိုင်းဝန်းပြီး ဖြေရှင်းရတဲ့ အရာဖြစ်တဲ့အတွက် ဝိုင်းဝန်းဖြေရှင်းနေကြပါတယ်။ ကျနော်တို့ ရခိုင်ပြည်သူတွေက ရေဘေး၊ လေဘေးက အမြဲကြုံတွေ့နေရတဲ့အပြင် စစ်ဘေးကတော့ နောက်ထပ်ဘေးအန္တရာယ် တစ်ခုပေါ့။ ဒါပေမယ့် ကျနော်တို့ ရခိုင်ပြည်သူတွေက စုစည်းမှုအင်အားကောင်းတယ်၊ တစ်ယောက်ကိုတစ်ယောက် ဖေးမနိုင်တဲ့ စိတ်ဓာတ်နဲ့ သတ္တိရှိကြတဲ့အတွက် ဒီပြဿနာတွေကို အတူတကွ ကောင်းကောင်းကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောဆိုသည်။
ထို့ပြင် ရေဘေးရင်ဆိုင်နေရသည့် ပြည်သူများအနေဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့်အတူ မြွေ၊ ကင်း အစရှိသည့် အဆိပ်ရှိသတ္တဝါများ၏ အန္တရာယ်ကို အထူးသတိပြုကြရန်နှင့် ရေဘေးအန္တရာယ်လျှော့ချနိုင်ရန် အရေးပေါ်သတိပေးတိုက်တွန်းချက်များကို လိုက်နာကြရန် HDCO က နှိုးဆော်ထားသည်။
ဓာတ်ပုံ- APM ။






