ရန်ကုန်၊ ဇူလိုင် ၁၀
မြန်မာနိုင်ငံတစ်ဝန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စိုက်ထူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကို ဆက်တိုက်ဖယ်ရှားနေခြင်းမှာ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်၍ ဖယ်ရှားနေခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက တုံ့ပြန်ပြောဆိုလိုက်သည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ခိုင်ခိုင်စိုးက တယ်လီဂရမ်လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ရာတွင် လက်ရှိအချိန်၌ မီဒီယာအချို့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများကို ဖယ်ရှားနေသည်ဟု ဖော်ပြနေသော်လည်း အမှန်တကယ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ကြောင်း၊ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်သည့် ရုပ်ထုများကိုသာ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
ခိုင်ခိုင်စိုးက ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ယနေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများ၏ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများမှာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် အနေအထားများ တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်၊ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ထားရှိနိုင်ရေးနှင့် နောင်လာနောက်သားများ သမိုင်းအမွေအနှစ်ကို မှန်ကန်စွာ လေ့လာနိုင်ရေးအတွက် စနစ်တကျ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။
သို့သော် ရန်ကုန်ခေတ်သစ်သတင်းဌာနက စုစည်းထားသည့် အချက်အလက်များအရ စစ်ကောင်စီသည် NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို နိုင်ငံတစ်ဝန်း ဆက်တိုက်ဖယ်ရှားလျက်ရှိပြီး လက်ရှိအချိန်အထိ အနည်းဆုံး ကြေးရုပ် ၂၀ ကျော် ဖယ်ရှားခံထားရကြောင်း သိရသည်။
မကွေးတိုင်း မင်းဘူးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မှာ ဇူလိုင်လ ၅ ရက် ညပိုင်းတွင် မြို့တွင်းလျှပ်စစ်မီး ဖြတ်တောက်ထားချိန်အတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ နောက်တစ်နေ့ နေ့လယ်ပိုင်းတွင်သာ ကြေးရုပ် မရှိတော့ကြောင်း သိရှိခဲ့ရပြီး မည်သည့်နေရာသို့ သယ်ဆောင်သွားကြောင်း မသိရှိရသေးကြောင်း ဆိုသည်။
ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို ဇူလိုင်လ ၆ ရက် ညပိုင်း၌ စစ်ကောင်စီတပ်က ဘက်ဟိုးယာဉ် ၃ စီးအသုံးပြု၍ ဖြိုဖျက်ဖယ်ရှားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်အနီးရှိ ရုပ်ထုနေရာကို စစ်တပ်က လုံခြုံရေးယူထားပြီးနောက် ဘက်ဟိုးများဖြင့် ဖြိုဖျက်သယ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် မြို့တော်ခန်းမရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုလည်း ဇူလိုင်လ ၃ ရက် ညပိုင်းတွင် ဖယ်ရှားသွားခဲ့ပြီး လက်ရှိအချိန်အထိ မည်သည့်နေရာသို့ ပို့ဆောင်ထားသည်ကို မသိရှိရသေးကြောင်း သိရသည်။
မကွေးတိုင်း သရက်ခရိုင် ကံမမြို့တွင်လည်း ဇူလိုင်လ ၅ ရက် ည ၁၀ နာရီဝန်းကျင်က မြို့တစ်မြို့လုံး လျှပ်စစ်မီးဖြတ်တောက်ထားချိန်တွင် ထွေအုပ်နှင့် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးထားပြီး လူတစ်စုက ဘောလုံးကွင်းဘေးရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ပေါက်ချွန်းများ၊ တူများအသုံးပြု၍ ဖြိုဖျက်ကာ ဖောကားဖြင့် သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
တောင်တွင်းကြီးမြို့တွင်လည်း ဇူလိုင်လ ၅ ရက် ညပိုင်းက ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည်ရင်ပြင်မှ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦးစလုံး၏ ကြေးရုပ်များကို စစ်ကောင်စီတပ်က ဖယ်ရှားခဲ့ကြောင်း သိရသည်။ ယင်းအာဇာနည်ရင်ပြင်ကို NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉ ပေအမြင့် ကြေးရုပ်တစ်ရုပ်နှင့် အခြားအာဇာနည်ခေါင်းဆောင် ၈ ဦး၏ ကြေးရုပ်များကို မန္တလေးမြို့ရှိ ချမ်းသာအောင် ကြေးသွန်းလုပ်ငန်းက သွန်းလုပ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် မကွေးတိုင်း ရေစကြိုမြို့၊ ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ ကျုံပျော်မြို့၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်များကိုလည်း စစ်ကောင်စီက ဆက်တိုက်ဖယ်ရှားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းမတိုင်မီ စစ်ကိုင်းတိုင်း ရေဦးမြို့၊ ပဲခူးတိုင်း တောင်ငူမြို့၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပဲခူးမြို့၊ ပုသိမ်မြို့နှင့် မန္တလေးတိုင်း သာစည်မြို့တို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်များနှင့် အထိမ်းအမှတ်ရင်ပြင်များကိုလည်း စစ်ကောင်စီက ဆက်တိုက် ဖယ်ရှား၊ ဖြိုဖျက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ အတည်ပြုရရှိထားသော အချက်အလက်များအရ စစ်ကောင်စီက ဖယ်ရှား သို့မဟုတ် ဖျက်ဆီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များမှာ အနည်းဆုံး ၂၀ ကျော်ရှိနေပြီး ယင်းအနက် တောင်တွင်းကြီးမြို့ရှိ အာဇာနည်ခေါင်းဆောင် ၉ ဦး၏ ကြေးရုပ် ၉ ရုပ်လည်း ပါဝင်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်များအရ စစ်ကောင်စီသည် လာမည့် အာဇာနည်နေ့မတိုင်မီ NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကြေးရုပ်များကို နိုင်ငံတစ်ဝန်း ဆက်လက်ဖယ်ရှားရန် ညွှန်ကြားထားသဖြင့် ဒေသအသီးသီးရှိ ပြည်သူများအကြား ဝေဖန်မှုများနှင့် မကျေနပ်မှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းသိရှိချက်များအရ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီး ချုပ်များ အစည်းအဝေးအတွင်း NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများနှင့် နိုင်ငံရေးအထိမ်းအမှတ်များကို အပြီးသတ် ဖယ်ရှားဖြိုချရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။




