ရန်ကုန် | ဇူလိုင် ၁၀
အာဆီယနိုင်ငံများက မြန်မာနှင့် “တဖြည်းဖြည်းချင်း ထိတွေ့ဆက်ဆံရေး” ကို ဆောင်ရွက်လိုကြသော်လည်း အာဆီယံ (ASEAN) အဖွဲ့၏ မြန်မာခေါင်းဆောင်ပိုင်းအပေါ် ချမှတ်ထားသည့် ကန့်သတ်မှုများမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံက ယနေ့ သောကြာနေ့တွင် ထုတ်ဖော်ပြောဆိုသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ထိုင်းနိုင်ငံက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဆိုသူ တင်မောင်ဆွေက အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဇူလိုင် ၁၃ ရက် (တနင်္ဂနွေနေ့) တွင် ဘန်ကောက်မြို့၌ ကျင်းပမည့် “အလွတ်သဘော အစည်းအဝေး” သို့ တက်ရောက်မည်ဖြစ်သည်။
ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံကလည်း ယင်းအစည်း အဝေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာစစ်တပ် နိုင်ငံခြားရေးဝန်ကြီးတို့ လူချင်းတွေ့ဆုံသည့် ပထမဆုံးအစည်းအဝေး ဖြစ်ကြောင်း အတည်ပြုသည်။
“ဒီအစည်းအဝေးတွေဟာ မြန်မာနိုင်ငံနဲ့ တဖြည်းဖြည်းချင်း၊ မူဝါဒအခြေခံတဲ့ ထိတွေ့ဆက်ဆံရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ မာရာတီ နာလီတာ အန်ဒါမို (Maratee Nalita Andamo) က ပြောသည်။
သို့သော် ယင်းတွေ့ဆုံမှုများသည် အလွတ်သဘော ဆွေးနွေးပွဲများသာဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံ၏ လက်ရှိရပ်တည်ချက်နှင့် ဆုံးဖြတ်ချက်များကို ပြောင်းလဲစေမည်မဟုတ်ကြောင်း ၎င်းက အလေးပေး ပြောကြားသည်။
ထို့ပြင် အဆိုပါတွေ့ဆုံပွဲသည် ပါဝင်သူများအနေဖြင့် အမြင်များကို ပွင့်ပွင့်လင်းလင်း ဖလှယ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လမ်းကြောင်းများကို ရှာဖွေရန် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း သူကပြောသည်။
အာဆီယံအဖွဲ့က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံကို အဆင့်မြင့် အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ရှားထားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းမှုများဖြင့် အဆုံးသတ်ရန် ရည်ရွယ်ထားသည့် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) မှာလည်း ထိရောက်သည့် တိုးတက်မှု မရရှိသေးပေ။
လေ့လာသုံးသပ်သူများကမူ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ပိုမိုထင်ရှားလာနေကြောင်း သုံးသပ်ထားသည်။
ထိုင်းနိုင်ငံဦးဆောင်သည့် အဖွဲ့က မြန်မာဘက်မှ အနည်းငယ်သော လိုက်လျောမှုများကို အခွင့် ကောင်းယူကာ အာဆီယံအတွင်း ပြန်လည်ပေါင်းစည်းရန် လိုလားနေချိန်တွင် အခြားနိုင်ငံများကမူ ယခင်ကဲ့သို့ တင်းမာသည့် ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းလိုနေကြသည်။
ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်အစိုးရများက ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် တနင်္ဂနွေနေ့ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုထားသည်။
သို့သော် အစည်းအဝေးတက်ရောက်မည့် နိုင်ငံများ၏ စာရင်းကိုမူ ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် မကြာသေးမီက စစ်တပ်က ပြုလုပ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် အတင်းအကျပ် လုယူရယူထားသည်။
“ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း မရှိခဲ့ဖူးတဲ့ အရေးပါတဲ့ တိုးတက်မှုတစ်ခုဖြစ်ပြီး အရေးကြီးတဲ့ အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လက်နက်ကိုင်ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ ACLED ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေမှာ ၁၀၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။
ကိုးကား-AFP
ဓာတ်ပုံ- မြန်မာစစ်တပ်ကိုယ်စားလှယ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကို ယခုနှစ်အာဆီယံအစည်းအဝေးတစ်ခုတွင် ပူးတွဲ မြင်တွေ့ရစဉ်။




