ရန်ကုန်၊ ဇူလိုင် ၁၁
မြန်မာနိုင်ငံမှ ပြည်သူများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည့် ပမာဏထက် စားသုံးဆီ ပိုမိုစားသုံးနေခြင်းနှင့် နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်၍ ချင့်ချိန်ဆောင်ရွက်နေရခြင်းတို့ကြောင့် စားအုန်းဆီတင်သွင်းမှုကို လျှော့ချရမှုများ ဖြစ်ပေါ်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်၏ ပြောခွင့်ရ ခိုင်ခိုင်စိုးက ယနေ့ ဝန်ခံပြောကြားသည်။
မြန်မာနိုင်ငံတွင် စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းရန် တစ်လလျှင် စားအုန်းဆီတန်ချိန် ၅ သောင်းကျော် တင်သွင်းရပြီး၊ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၅၀ ခန့်ဖြင့် ဝယ်ယူရသဖြင့် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ကုန်ကျလျက်ရှိကြောင်း၊ တင်သွင်းလာသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးပေးနေပြီး စားသုံးဆီဝယ်ယူခွင့်စာအုပ်ရှိသူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းသည် လူဦးရေများပြားပြီး စားသုံးဆီလိုအပ်ချက် မြင့်မားသဖြင့် အခြားဒေသများထက် ပိုမိုခွဲတမ်းချထားပေးထားပြီး လူတစ်ဦးလျှင် တစ်လ ၁ ပိဿာ ၂၄ ကျပ်သားနှုန်း ဖြင့် ရောင်းချပေးနေကြောင်း သူက ဆက်ပြောသည်။
ပြည်တွင်းတွင် မြေပဲ၊ ပဲပုပ်၊ နေကြာနှင့် နှမ်းတို့မှ ထုတ်လုပ်သည့် စားသုံးဆီသည် တစ်နှစ်လျှင် တန်ချိန် ၂၈၀,၀၀၀ ခန့် ရှိသော်လည်း ပြည်သူများ၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သဖြင့် စားအုန်းဆီ တန်ချိန် ၆၄၁,၇၈၃ ခန့် ကို ပြည်ပမှ တင်သွင်းနေရကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုနှင့် တင်သွင်းမှု စုစုပေါင်းမှာ တစ်နှစ်လျှင် တန်ချိန် ၉၂၁,၀၀၀ ကျော် ရှိကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ ပမာဏကို မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်း ဖြင့် တွက်ချက်ပါက လူတစ်ဦးလျှင် တစ်နှစ် ပျမ်းမျှ ၁၁ ပိဿာခန့် စားသုံးနေကြောင်း တွေ့ရပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO ၏ အကြံပြုချက်အရ လူတစ်ဦးသည် တစ်နှစ်လျှင် ၆ ဒသမ ၅ ပိဿာခန့်သာ စားသုံးသင့်ကြောင်း ၎င်းက ပြောသည်။
“မြန်မာနိုင်ငံမှာ လူတစ်ဦးက တစ်နှစ်ကို ပျမ်းမျှ ၁၁ ပိဿာ စားသုံးနေတယ်ဆိုတော့ WHO အကြံပြုထားတဲ့ ပမာဏထက် များစွာကျော်လွန်နေပါတယ်။ ဆီစားသုံးမှု များလာတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုလည်း ပိုများလာပါတယ်။ နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်ပြီး ချင့်ချိန်ဆောင်ရွက်ရတာကြောင့် ဆီတင်သွင်းမှု လျှော့ချရတဲ့ အခြေအနေတွေလည်း ဖြစ်လာပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီက စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၇,၀၀၀ မှ ၉,၀၀၀ ကြား ဖြင့် ရောင်းချပေးနေသော်လည်း ဝယ်ယူခွင့်စာအုပ်မရှိသည့် ပြည်သူများ လက်ထဲသို့ ရောက်ရှိချိန်တွင် တစ်ပိဿာ ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြားအထိ ဈေးမြင့်တက်နေခြင်းမှာ ဝိသမလောဘသားများကြောင့် ဖြစ်ကြောင်း ခိုင်ခိုင်စိုးက အပြစ်တင်ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အဖြစ် သွင်းကုန်လျှော့ချပြီး ပို့ကုန်တိုးမြှင့်ရေးမူဝါဒကို အကောင်အထည်ဖော်လာမှုကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အခြေခံလူတန်းစားများ အဓိကအားထားသုံးစွဲနေသည့် စားအုန်းဆီများ စတင်ရှားပါးလာပြီး ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ဈေးမြင့်တက်လာနေခြင်းဖြစ်သည်။
စစ်တပ်က နိုင်ငံခြားငွေအရန် လျော့နည်းလာမှုကြောင့် သွင်းကုန်များကို လျှော့ချနေပြီး ယင်းမူဝါဒအရ မြန်မာနိုင်ငံအတွင်း တင်သွင်းနေသော စားအုန်းဆီပမာဏကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် လျှော့ချထားသည့်အပြင် သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ ခွဲဝေချထားပေးမှုကိုလည်း ထိန်းချုပ်ထားသည်။
မြန်မာနိုင်ငံသည် ပုံမှန်အားဖြင့် နှစ်စဉ် စားအုန်းဆီတန်ချိန် ၈ သိန်းမှ ၁ သန်းဝန်းကျင်အထိ တင်သွင်းနေရသော်လည်း ယခုနှစ်တွင် တင်သွင်းမှုပမာဏကို တန်ချိန် ၆ သိန်းကျော်သာ တင်သွင်းခြင်းတော့ဖြစ်သည်။
ယခင်က လူတစ်ဦးလျှင် စားအုန်းဆီ ၂ ဒသမ ၂၅ ကျပ်သားနှုန်း ခွဲတမ်းပေးခဲ့သော်လည်း ယခုအခါ ၁ ဒသမ ၆၅ ကျပ်သားသို့ လျှော့ချထားကြောင်း၊ ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် ဆီခွဲတမ်းများကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခံထားရသဖြင့် လက်ကျန်ခွဲတမ်းကို စားသုံးသူများအကြား မျှဝေဖြန့်ဖြူးပေးနေရကြောင်း သိရှိရသည်။
စစ်ကောင်စီသည် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် စားအုန်းဆီတင်သွင်းမှုကို ဆက်လက်လျှော့ချပြီး ပြည်တွင်းဆီထွက်သီးနှံများ အစားထိုးသုံးစွဲရေးမူဝါဒကို အကောင်အထည်ဖော်နေသော်လည်း ယင်းမူဝါဒ၏ နောက်ဆက်တွဲအဖြစ် အခြေခံလူတန်းစားများအတွက် စားအုန်းဆီဝယ်ယူရရှိမှု ပိုမိုခက်ခဲလာပြီး ဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဆီကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။




