ရန်ကုန်၊ ဇူလိုင် ၁၁
မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် နိုင်/ကျဉ်းများ၏ ပါဆယ်ပစ္စည်းများကို ထောင်အာဏာပိုင်များက အတင်းအဓမ္မလုယူဖျက်ဆီးပြီး ကန့်ကွက်သူ ၁၅ ဦးကို ရိုက်နှက်ကာ ၃ ဦးကို တိုက်ပိတ်ထားကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) – AFCC မှ အတွင်းရေးမှူးတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် မန္တလေးအိုးဘိုထောင်၊ အကျဉ်းဦးစီးဌာနမှ အကစ (အကျဉ်းထောင်အစောင့်အရှောက်) ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများ၏ အိပ်ဆောင်များအတွင်း ဝင်ရောက်ကာ ၎င်းတို့၏ ပါဆယ်ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များထံမှတစ်ဆင့် သိရှိရသည်။
ယင်းသို့ ပစ္စည်းများ မတရားသိမ်းဆည်းခံရမှုအပေါ် မကျေနပ်သဖြင့် ကန့်ကွက်ပြောဆိုခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝန်ထမ်းများက စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းစဉ်အတွင်း ပုံစံအတိုင်း အပြင်းအထန် ရိုက်နှက်ခြင်းနှင့် လက်သီးဖြင့် ထိုးနှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ အကြမ်းဖက်မှုများကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် လူထုလှုပ်ရှားမှုဦးဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ၃ ဦးအား ထောင်အာဏာပိုင်များက တိုက်ပိတ်ခဲ့ပြီး၊ ကျန်ရှိသည့် အကျဉ်းသားများကိုလည်း အခန်းပြောင်းရွှေ့ကာ စောင့်ကြည့်သည့် အနေအထားဖြင့် ထားရှိကြောင်း သိရသည်။
ယင်းသို့ အခန်းပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အရာရှိများက ဆူပူမှု ထပ်မံမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းရာတွင် လက်မခံဘဲ ပြန်လည်ပြောဆိုခဲ့သဖြင့် ထောင်ဝန်ထမ်းများက ထပ်မံရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိရရှိထားသည့် အချက်အလက်များအရ ၎င်းဖြစ်စဉ်အတွင်း ရိုက်နှက်နှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၅ ဦးခန့် ရှိနေကြောင်း သိရသည်။
ထောင်အာဏာပိုင်များအနေဖြင့် ပစ္စည်းများ မတရားဖျက်ဆီးခြင်းနှင့် ရိုက်နှက်ခြင်းတို့အပြင်၊ အရေးယူဆောင်ရွက်မှုများအား အခြားပုံစံဖြင့် မလုပ်ဆောင်ဘဲ နိုင်ငံရေးအကျဉ်းသားများကိုသာ ရွေးချယ်ပြီး ပစ်မှတ်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း AFCC က ထောက်ပြထားသည်။
လက်ရှိတွင် အိုးဘိုထောင်အတွင်း၌ ဆေးဝါးမလုံလောက်မှုများ ရှိနေသည့်အပြင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရရှိကြသဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားလျက်ရှိကြောင်း သိရသည်။
“အခုဖြစ်စဉ်က နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပစ်မှတ်ထားတဲ့ ထောင်တွင်းအကြမ်းဖက်မှုများဖြစ်တယ်။ အာဏာရှင်လက်ကိုင်တုတ် ထောင်အာဏာပိုင်တွေက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလည်း ဖြစ်တယ်။ ဒီအတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဝိုင်းဝန်းအသံထုတ်ကြဖို့၊ အထဲက နိုင်ငံရေးအကျဉ်းသားတွေအတွက် ဝန်းရံပေးကြဖို့ လိုတယ်။ ဒါဟာ လူအခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်လို့ ကျနော်တို့အားလုံး ဝန်းရံဖို့ လိုပါတယ်” ဟု AFCC မှ အတွင်းရေးမှူးတစ်ဦးက ပြောဆိုသည်။
AFCC အနေဖြင့် ယခုဖြစ်စဉ်သည် နိုင်ငံရေးအကျဉ်းသားများအပေါ် ပစ်မှတ်ထားသည့် ထောင်တွင်းအကြမ်းဖက်မှုများဖြစ်ပြီး ထောင်အာဏာပိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် “အာဏာရှင်စနစ်ဟူသမျှ မုချကျဆုံးရမည်၊ အရေးတော်ပုံအောင်ရမည်” ဟု ကြွေးကြော်ထားသည်။




