25.5 C
Yangon

လောင်းလုံးတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ အထိနာသော စစ်တပ်က လေးသွန်းခံရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အထိနာသော စစ်တပ်က လေးသွန်းခံရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာ ကြယ်တောင်အနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ပွဲသည် မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများပြားခြင်းကြောင့် အထိနာသော စစ်တပ်က လေးသွန်းခံကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းသည် ညင်းမော်ရွာနှင့် စစ်ပြဲရွာတို့တွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် အထိနာကာ တောထဲတွင် ပုန်းအောင်းနေသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

“လောင်းလုံးမြို့နယ်ထဲက ကြယ်တောင်နားမှာဖြစ်တာပေါ့။ ဒီနေ့ နေ့လည် ၁ နာရီခန့်က တိုက်ပွဲဖြစ်ပြီး အထိနာလို့ လေးသွန်းခံရွာက ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ အဲ့ကောင်တွေက အရင် ညင်းမော်နဲ့ စစ်ပြဲရွာတွေထဲတပ်၀င်စွဲပြီး နေတဲ့ကောင်တွေ အဲကောင်တွေတောထဲမှာပျောက်နေတာကြာပြီ ဒီနေ့ ကြယ်တောင်ဖက်မှာလာပေါ်လို့ တိုက်ပွဲဖြစ်တာ ဟိုတလောက စစ်ပြဲရွာမှာ တနေကုန်တိုက်ပွဲဖြစ်ပြီးအထိနာထားတော့‌ ရွာထဲမနေတော့ဘူးလေ တောတွေထဲမှာ ပတ်သွားနေတာ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၆ ဦးအပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်သား အလောင်း ၇ လောင်းကို တော်လှန်ရေး ပူးပေါင်းတပ်များက တွေ့ရှိခဲ့ကာ သေနတ် ၁ လက်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article