25.5 C
Yangon

မြ၀တီမြို့နယ်တွင် မြန်မာစစ်တပ်က KNLA စခန်းများကို တိုက်လေယာဉ်များဖြင့် ၃ ရက် ဆက်တိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ဆက်လက်ကျရောက်

Must read

ရန်ကုန်၊ဇူလိုင် ၁၁

ထိုင်း-မြန်မာနယ်စပ်အနီး မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး မြန်မာစစ်တပ်က YAK-130 တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များ အသုံးပြုကာ KNLA ၏ စခန်းများကို ၃ ရက်ဆက်တိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မင်းလပ်ပန်ကျေးရွာအနီးရှိ KNLA တပ်စခန်းများကို ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မဟာဝန်ကျေးရွာနှင့် မျက်နှာချင်းဆိုင်ဒေသတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုင်းသတင်းများအရ မြန်မာစစ်တပ်က ယခင်ထက် ပိုမိုပြင်းထန်သည့် ပေါင် ၅၀၀ အလေးချိန်ရှိသော ဗုံးများကို အသုံးပြုခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ အပြီးတွင် စစ်ရေးအခြေအနေမှာ ယာယီငြိမ်သက်သွားကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များက KNLA ဘက်တွင် ထိခိုက်သူများရှိနိုင်ကြောင်း ခန့်မှန်းထားသော်လည်း အသေးစိတ်အချက်အလက်များကို ဆက်လက်စိစစ်နေဆဲဖြစ်သည်။ လေကြောင်းဗုံးကြဲမှုများကြောင့် မြန်မာဘက်ခြမ်းရှိ အရပ်သားနေအိမ်များလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ၏ သက်ရောက်မှုကြောင့် လက်နက်ကြီးကျည်များနှင့် ပေါက်ကွဲစေသော အရာဝတ္ထုအချို့သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဟာဝန်ကျေးရွာအုပ်စု အမှတ် (၄) နှင့် အမှတ် (၉) ကျေးရွာများအတွင်းသို့ ကျရောက်ခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အရေးပေါ်ညှိနှိုင်းရေးဗဟိုဌာနက အတည်ပြုထုတ်ပြန်ခဲ့သည်။

ထိုင်းစစ်ဘက်နှင့် ဗုံးရှင်းလင်းရေးတပ်ဖွဲ့များက ကျရောက်လာသည့် ဗုံးနှင့်ကျည်များကို လုံခြုံစွာ ရှင်းလင်းဖျက်ဆီးခဲ့ပြီးဖြစ်ကာ စစ်တပ်၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ရွာခေါင်းဆောင်များက ဒေသခံပြည်သူများအား လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များက နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကင်းလှည့်အဖွဲ့များ တိုးမြှင့်ချထားသည့်အပြင် အရေးပေါ်အခြေအနေများကို တုံ့ပြန်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ထိုင်းအမှတ် (၃၅) နယ်ခြားစောင့်တပ်၊ နယ်ခြားရဲတပ်ဖွဲ့များနှင့် ထိုင်းစစ်တပ်ကလည်း တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများနှင့် စစ်ရေးအထောက်အကူပြုပစ္စည်းများကို အဆင်သင့်ထားရှိပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

ထိုင်းလေတပ်သည်လည်း မြန်မာဘက်မှ လေယာဉ်များ ထိုင်းလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာပါက ချက်ချင်းတုံ့ပြန်နိုင်ရန် တိုက်လေယာဉ်များဖြင့် ကင်းလှည့်ပျံသန်းရန် အသင့်အနေအထားတွင် ရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းလုံခြုံရေးအာဏာပိုင်များသည် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (TBC) မှတစ်ဆင့် မြန်မာဘက်သို့ ကန့်ကွက်စာပေးပို့ထားပြီး နယ်စပ်အနီး လက်နက်အသုံးပြုရာတွင် အထူးသတိထားရန် တိုက်တွန်းထားသည်။

ထို့ပြင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များသည် Rules of Engagement (ROE) အတိုင်း တင်းကြပ်စွာ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာပါက လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထိုင်းအာဏာပိုင်များက နယ်စပ်ဒေသရှိ ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် ဗုံး၊ လက်နက်ခဲယမ်း သို့မဟုတ် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက ကိုယ်တိုင်မထိတွေ့ဘဲ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များထံ အမြန်ဆုံး အကြောင်းကြားပေးရန် နှိုးဆော်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံဘက်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခတွင် ထိုင်းနိုင်ငံသည် မည်သည့်ဘက်ကိုမျှ ထောက်ခံခြင်းမရှိသလို ထိုင်းပိုင်နက်ကိုလည်း မည်သည့်အဖွဲ့ကမျှ စစ်ရေးအကျိုးအမြတ်အတွက် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း၊ ပြည်သူများနှင့် သတင်းမီဒီယာများအနေဖြင့် အတည်ပြုထားသော သတင်းအချက်အလက်များကိုသာ ဖြန့်ဝေကြရန်လည်း တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article