ရန်ကုန်၊ ဇူလိုင် ၁၁
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ထားသော CI (Certificate of Identity) စင်တာများတွင် သတ်မှတ်ထားသည့် တရားဝင်အခကြေးငွေထက် ပိုမိုတောင်းခံကာ ပြေစာမပေးဘဲ ငွေကြေးကောက်ခံမှုများရှိနေ၍ မြန်မာဘက်နှင့် ဆွေးနွေးကာ CI စင်တာဝန်ဆောင်မှုများ ပိုမိုကောင်းမွန်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဂျူလာဖန် အမော်န်ဝီဝတ်က ပြောကြားသည်။
CI စင်တာတွင် CI ရရှိရေး ပုံမှန်သတ်မှတ်ထားသော အခကြေးငွေအပြင် ပြေစာမပေးဘဲ အပိုငွေကြေးများ တောင်းခံနေကြောင်း ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယင်းကိစ္စကို အလေးထားစိစစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းအလုပ်သမားဝန်ကြီး ဂျူလာဖန်က နိုင်ငံခြားသား အလုပ်သမားများကို တရားဝင်စနစ်အတွင်း ဝင်ရောက်လာစေရေးသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို ဖြတ်တောက်ရန်နှင့် ထိုင်းအလုပ်ရှင်များ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် အရေးကြီးကြောင်း ပြောဆိုသည်။
လက်ရှိ ဖြစ်ပေါ်နေသော CI စင်တာများအတွင်း အပိုငွေတောင်းခံမှုများနှင့်ပတ်သက်၍ ထိုင်းအလုပ် သမားဝန်ကြီးဌာနက လျစ်လျူရှုထားခြင်းမရှိဘဲ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အမြန်ဆုံး ဆက်သွယ်၍ အချက်အလက်များ စိစစ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့ပြင် တရားဝင်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေသည့် မြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်များ ထိခိုက်နစ်နာမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
CI စင်တာများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသားစိစစ်ရေးလုပ် ငန်း စဉ် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံကူးလက်မှတ်အစား အသုံးပြုနိုင်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးရန်ဖြစ်ကြောင်း သိရသည်။
CI လက်မှတ်ရရှိပြီးပါက အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင်နိုင်သည့်အပြင် ထိုင်းနိုင်ငံသို့ ဝင်ထွက်သွားလာမှုများကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
ထိုင်းနိုင်ငံတွင် ယခင်က မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ၎င်းတို့၏နိုင်ငံသား အလုပ်သမားများအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းကသာ CI လက်မှတ်ထုတ်ပေးရေးလုပ်ငန်းကို ဆောင်ရွက်နေကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ ထိုင်းအစိုးရအဖွဲ့က ထိုင်းနိုင်ငံအတွင်း မြန်မာ CI စင်တာများ ဖွင့်လှစ်ရန် သဘောတူဆုံးဖြတ်ခဲ့ပြီး စင်တာအတွင်း လုပ်ငန်းဆောင်ရွက်မှုအားလုံးကို မြန်မာဘက်က တစ်ဖက်တည်း တာဝန်ယူလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ရှင်းလင်းပြောဆိုသည်။
ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနအနေဖြင့် CI စင်တာအတွင်း လုပ်ငန်းများကို တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ စင်တာပြင်ပ လုံခြုံရေးနှင့် စနစ်တကျ လည်ပတ်နိုင်ရေးအပါအဝင် အထွေထွေ အဆင်ပြေချောမွေ့ရေးကိုသာ ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်ပြည်နယ်တို့၌ CI စင်တာ ၄ ခု ဖွင့်လှစ်ထားပြီး ချွန်ဘူရီပြည်နယ်တွင်လည်း Mobile CI ရွေ့လျားဝန်ဆောင်မှုအဖွဲ့ ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ ထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ စာရင်းသွင်းထားသော ရွှေ့ပြောင်းအလုပ်သမားများအနက် ၃၉၀,၄၂၇ ဦးသည် CI လက်မှတ်များ ရရှိပြီးဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။
ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆွန်ချိုင် မိုရကော့စရီဝမ်က CI စင်တာများအတွင်း ပွဲစားခနှင့် အပိုဝန်ဆောင်ခများ တောင်းခံနေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာအလုပ်သမားသံအရာရှိကို ခေါ်ယူတွေ့ဆုံကာ တိုင်ကြားချက်များနှင့် ပြဿနာကာ ကွယ်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း ပြောဆိုသည်။
ထို့အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံသို့လည်း CI စင်တာအားလုံးတွင် အပိုငွေကြေးကောက်ခံမှုများ ရှိ၊ မရှိ အချက်အလက်များ စိစစ်ပေးရန် တရားဝင်စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။
ယင်းကိစ္စကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပမည့် ထိုင်း-မြန်မာ နည်းပညာဆိုင်ရာ အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးမည်ဖြစ်ပြီး CI စင်တာများတွင် အဂတိလိုက်စားမှုနှင့် အပိုငွေတောင်းခံမှုများ မဖြစ်ပေါ်စေရန် လက်တွေ့ကျသော အစီအမံများ ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် CI ဝန်ဆောင်မှုများကို ပွင့်လင်းမြင်သာမှုရှိစေရန်၊ စစ်ဆေးအတည်ပြုနိုင်ရန်နှင့် ဝန်ဆောင်မှုရယူသူအားလုံးအပေါ် မျှတမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး CI စင်တာရှိသည့် ပြည်နယ်များမှ အလုပ်အကိုင်ရှာဖွေရေးရုံးများကိုလည်း အနီးကပ်စောင့်ကြည့် စစ်ဆေးရန် တာဝန်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။




