ရန်ကုန်၊ ဇူလိုင် ၁၁
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံရန် စီစဉ်ထားခြင်းသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ကိုယ်တိုင်အားနည်းပျက်ပြားစေပြီး စစ်ကောင်စီ၏ သွေးထွက်သံယို အကြမ်းဖက်မှုများနှင့် အာဆီယံအပေါ် အာခံမှုများကို ဆုချရာရောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် သတိပေးပြောဆိုသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ယင်းတွေ့ဆုံမှုက စစ်ကောင်စီကို အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်ရန် ပိုမိုအားပေးရာရောက်မည့်အပြင် စစ်ကောင်စီ ရှင်သန်ရပ်တည်နိုင်ရေးအတွက် လိုအပ်နေသည့် တရားဝင်မှုကိုပါ ပေးအပ်ရာရောက်မည်ဟု SAC-M က ဆိုသည်။
“အာဆီယံက ဒီလောက်အထိ ကိုယ့်ရပ်တည်ချက်ကို ကိုယ်တိုင် အလျှော့ပေး ဖျက်ဆီးလိုက်မယ်ဆိုရင် အာဆီယံဟာ အရေးပါမှုမရှိတော့တဲ့ အခြေအနေကို ရောက်ရှိဖို့ ချောက်ကမ်းပါးအစွန်းမှာ ရပ်နေပြီ” ဟု SAC-M အဖွဲ့ဝင် ယန်ဟီးလီက ပြောဆိုသည်။
SAC-M ၏ ထုတ်ပြန်ချက်အရ စစ်ရာဇဝတ်မှု ကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသည့် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၅ နှစ်ကျော်အတွင်း အာဆီယံကို ပေါ်ပေါ်ထင်ထင် မထီမဲ့မြင်ပြုခဲ့ကြောင်း၊ အားနည်းချက်များရှိနေသော်လည်း 5PC သည် စစ်ကောင်စီကြောင့် ဖြစ်ပေါ်လာသည့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ သဘောတူထားသည့် တစ်ခုတည်းသော မူဘောင်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီက 5PC ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သဖြင့် အာဆီယံက မင်းအောင်လှိုင်နှင့် စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူများကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းသည် ချီးကျူးထိုက်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း SAC-M က ဆိုသည်။
ပြီးခဲ့သည့် ၂ ပတ်ခန့်ကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းခံခဲ့သော်လည်း စစ်ကောင်စီက ငြင်းပယ်ခဲ့သည်။
ယင်းနောက် ဖိလစ်ပိုင်နိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးသည် 5PC တွင် ရည်မှန်းထားသည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့ဆက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် စစ်ကောင်စီထံမှ မည်သည့်လိုက်လျောမှုတစ်စုံတစ်ရာမျှ မရရှိဘဲ လာဇာရိုက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ ယခုသီတင်းပတ်ကုန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းမှာ နားမလည်နိုင်သည့် မူဝါဒပြောင်းပြန်လှန်မှုဖြစ်ကြောင်း SAC-M က ဝေဖန်သည်။
မင်းအောင်လှိုင်သည် တရားမဝင်ရွေးကောက်ပွဲများအပေါ် အခြေခံ၍ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာပြီးနောက် နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ သောင်းနှင့်ချီ သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လက်ရှိအချိန်အထိ အရပ်သားပြည်သူ ၂၂,၃၇၅ ဦးမှာ စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း SAC-M က ဆိုသည်။
SAC-M က အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် လာဇာရိုအနေဖြင့် ယခုတွေ့ဆုံပွဲကို ဖျက်သိမ်းရန် အချိန်ရှိနေသေးကြောင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် လိုအပ်နေသူအားလုံးထံ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးတို့ကို စစ်ကောင်စီက လိုက်နာသည့်အထိ အဆင့်မြင့်ထိတွေ့ဆက်ဆံမှု ပိတ်ပင်ချက်ကို ဆက်လက်ထိန်းသိမ်းထားရန် တောင်းဆိုသည်။
“ဒီသီတင်းပတ်ကုန်မှာ အာဆီယံက စစ်ကောင်စီနဲ့ တွေ့ဆုံပွဲကို ဆက်လုပ်မယ်ဆိုရင် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကိုယ့်ရဲ့စွမ်းရည်အပေါ် ကိုယ်တိုင် ယုံကြည်မှုမရှိကြောင်း မဲပေးကြေညာလိုက်တာနဲ့ အတူတူပဲ” ဟု SAC-M က ပြောဆိုသည်။
အာဆီယံ၏ ယင်းလုပ်ရပ်ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူနည်းစုအသိုင်းအဝိုင်းများနှင့် မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် တရားဝင်အင်အားစုများ၏ လက်ကျန်ယုံကြည်မှုကိုပါ ဆုံးရှုံးစေမည်ဖြစ်ကြောင်း SAC-M က သတိပေးထားသည်။
အာဆီယံအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်များကို ထောက်ခံမည်ဆိုသည့် မိမိ၏ ကတိကဝတ်ကို အပြီးတိုင် စွန့်လွှတ်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံမည်ဆိုပါက နိုင်ငံတကာအသိုင်းအဝိုင်းထံသို့ “ကျွန်ုပ်တို့ ကျရှုံးပြီ၊ အခု ခင်ဗျားတို့ ဆက်လုပ်ကြပါ” ဟူသော ရှင်းလင်းသည့် သတင်းစကား ပေးပို့ရာရောက်မည်ဖြစ်ကြောင်း SAC-M က ထုတ်ပြန်ထားသည်။




