25.5 C
Yangon

Non-CDM ဝန်ထမ်းများ နိုင်ငံကူးလက်မှတ်များ ခိုးလုပ်ထားပါက ချက်ချင်းပြန်လည်အပ်နှံရန်နှင့် မအပ်နှံပါက စုံခုံဖွဲ့အရေးယူမည်ဟု စစ်တပ်က အမိန့်ထုတ်၊ ဝန်ထမ်းများ၏ ခင်ပွန်း၊ ဇနီး၊သားသမီးများ ပြည်ပထွက်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါက ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူရမည်

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

အကြမ်းဖက် မင်းအောင်လှိုင်အတွက် အလုပ်လုပ်နေကြသော Non-CDM ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနကို အသိပေးခြင်းမရှိဘဲ နိုင်ငံကူးလက်မှတ်များ ခိုးလုပ်ထားပါက ချက်ချင်းပြန်လည်အပ်နှံရန်နှင့် မအပ်နှံပါက စုံခုံဖွဲ့အရေးယူမည်ဟု ဝန်ကြီးဌာနများအားလုံးတွင် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က စစ်အာဏာသိမ်းချိန်ကတည်းက Non-CDM ဝန်ထမ်းများကို သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ အမိန့်ထုတ်ပြန်ခဲ့သော်လည်း ဝန်ထမ်းများက နည်းလမ်းမျိုးစုံဖြင့် နိုင်ငံကူးလက်မှတ်များ ခိုးလုပ်ကြသဖြင့် မကြာခဏ ဆိုသလို ခိုးဝှက် လျှောက်ထား ရယူထားသော နိုင်ငံကူးလက်မှတ်များ ပြန်လည် အပ်နှံကြရန် အမိန့် ထုတ်လာကြောင်း၊ ယခုနှစ် ဇွန်လတွင်လည်း Non-CDM များ နိုင်ငံကူးလက်မှတ်များ လက်ဝယ်ရှိနေပါက ချက်ချင်းအပ်နှံရန် ညွှန်ကြား အမိန့်ပေးလာကြောင်း သိရှိရသည်။

“ဝန်ထမ်းတွေကို နိုင်ငံကူးလက်မှတ် အနီကိုင်ခွင့်မပြုဘူး။ ကိုယ့်ဟာကိုယ် ကိုယ့်အစီအစဉ်နဲ့ လျှောက် ထားရယူထားတယ်ဆိုရင်လည်း ပြန်အပ်ရမယ်။ မအပ်ရင် အရေးယူမယ်။ တကယ်လို့ ဝန်ကြီးဌာနက ဝန်ထမ်းတွေကို ပြည်ပစေလွှတ်မယ်ဆိုရင်လည်း ဝန်ထမ်းအတွက် အထူးနိုင်ငံကူးလက်မှတ်ထုတ်ပေးမယ်။ နိုင်ငံကူးလက်မှတ် ပြန်မအပ်ရင် စုံခုံဖွဲ့ အရေးယူမယ်လို့ ညွှန်ကြားတယ်”ဟု နေပြည်တော်ဝန်ထမ်း သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် Non-CDM ဝန်ထမ်းများ၏ ခင်ပွန်း၊ ဇနီး၊ သားသမီးများအနေဖြင့် ပြည်ပထွက်ခွာခြင်းနှင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနထံသို့ ခွင့်ပြုချက်ရယူ ရမည်ဖြစ်ကြောင်း သိရှိရသည်။

“သာမန်ဝန်ထမ်းတွေကစလို့ အရာရှိ၊ အရာခံတွေ အဆုံး ခင်ပွန်း ဇနီး၊ သားသမီး အကုန် ပြည်ပထွက်တာ နိုင်ငံကူးလက်မှတ်လျှောက်ထားရင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ပါမှ ရမယ်။ မပါရင် အရေးယူခံရမယ်ဆိုတာလည်း ထပ်ပြီး ညွှန်ကြားတယ်” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်နှင့်ရဲများ၏ မိသားစုဝင်များကိုလည်း ပြည်ပထွက်ခွင့်နှင့် နိုင်ငံကူးလက်မှတ်ရယူမှုများ ခိုးကြောင်ခိုးဝှက် မလုပ်ဆောင်ရန် အထူးညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article