ရန်ကုန်၊ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်း၊ ဇီးပင်တွင်းရွာနှင့် အောင်မင်္ဂလာရွာကြားရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာအနီးကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄ မိနစ်ခန့်မှ နံနက် ၁၁ နာရီ ၁၁ မိနစ်ခန့်အချိန်အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ပျံတက်လာသော Mi-35P စစ်ရဟတ်ယာဉ်တစ်စီးက ဇီးပင်တွင်းရွာနှင့် အောင်မင်္ဂလာရွာကြားရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာအနီးကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ယင်းဒေသ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှု မရှိကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မကြားမိဘူး။ လတ်တလောတော့ စစ်ရှောင်တွေနဲ့ နီးတယ်။ ဇီးပင်တွင်းနဲ့ အောင်မင်္ဂလာကြား ပစ်သွားတာ။ စစ်ရှောင်တွေရှိတဲ့ နေရာတွေပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ကနီမြို့နယ်ရှိ ဝင်းမနားဆေးရုံကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦး သေဆုံးပြီး အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။




