ရန်ကုန်၊ ဇူလိုင် ၁၂
မြန်မာအကြမ်းဖက် စစ်ကောင်စီကို တရားဝင်မှုရရှိစေမည့် မည်သည့်ခြေလှမ်းကိုမဆို အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက ငြင်းပယ်ရမည်ဖြစ်ပြီး စစ်ကောင်စီ၏ ထောင်ချောက်ထဲသို့ အာဆီယံ မကျရောက်ရန် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ယမန်နေ့ သတိပေးတောင်းဆိုလိုက်သည်။
ဇူလိုင်လ ၁၂ ရက်နေ့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အလွတ်သဘောတွေ့ဆုံပွဲတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် ဘန်ကောက်မြို့၌ တွေ့ဆုံရန် စီစဉ်ထားခြင်းအပေါ် အလွန်စိုးရိမ်ကြောင်း APHR က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံပွဲသည် စစ်ကောင်စီ၏ လက်ဝေခံလွှတ်တော်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပယ်ချသည့် အဆိုတစ်ရပ် အတည်ပြုပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း APHR က ထောက်ပြသည်။
ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်က ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခံခဲ့သော်လည်း စစ်ကောင်စီက ငြင်းပယ်ခဲ့ပြီးနောက် ယခုတွေ့ဆုံပွဲကို စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
“အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ ထောင်ချောက်ထဲကို မကျရောက်သင့်ပါဘူး။ အာဆီယံက မြန်မာပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို တာဝန်ခံခိုင်းမယ့်အစား စစ်ကောင်စီရဲ့ စည်းကမ်းမလိုက်နာမှုတွေကို အကြိမ်ကြိမ် ဆုချသလို လုပ်ဆောင်ခဲ့ပါတယ်” ဟု အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်နှင့် APHR ဥက္ကဋ္ဌ Mercy Chriesty Barends က ပြောဆိုသည်။
ယခုတွေ့ဆုံပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပမည်ဆိုပါက မြန်မာနိုင်ငံတစ်နိုင်ငံတည်းအတွက်သာမက အာဆီယံတစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိသည့် စံနမူနာတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း APHR က သတိပေးသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်က ၎င်းတို့၏ ခေါင်းဆောင်များကိုယ်တိုင် လက်မှတ်ရေးထိုး သဘောတူခဲ့သော ဘုံသဘောတူညီချက်ကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်ပြီးနောက်တွင်ပင် ဆွေးနွေးပွဲ စားပွဲဝိုင်း၌ နေရာပြန်လည်ရရှိမည်ဆိုပါက အာဆီယံ၏ စုပေါင်းသဘောတူညီချက်များသည် လိုက်နာရန်မလိုဘဲ စိတ်ကြိုက်ညှိနှိုင်းနိုင်သည့် သဘောတူညီချက်များသာဖြစ်ကြောင်း သတင်းစကားပေးရာ ရောက်မည်ဟု APHR က ထောက်ပြသည်။
ထို့ကြောင့် မနက်ဖြန်ကျင်းပရန် စီစဉ်ထားသော တွေ့ဆုံပွဲကို လက်ရှိအစီအစဉ်အတိုင်း မကျင်းပရန် အာဆီယံကို APHR က တောင်းဆိုထားသည်။
တစ်ချိန်တည်းတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထက် ပိုမိုခိုင်မာပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်သည့် မူဘောင်သစ်တစ်ရပ် ချမှတ်ရန်၊ ယင်းမူဘောင်တွင် တိကျရှင်းလင်းသော သတ်မှတ်ချက်များ၊ အချိန်ကာလသတ်မှတ်ချက်များနှင့် လိုက်နာရန်ပျက်ကွက်ပါက ချမှတ်မည့် အကျိုးဆက်များကို ထည့်သွင်းသတ်မှတ်ရန် APHR က တိုက်တွန်းသည်။
အာဆီယံအနေဖြင့် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း မြန်မာပြည်သူများအတွက် ကျရှုံးခဲ့ပြီးဖြစ်သော နည်းလမ်းဟောင်းကို ထပ်မံအသုံးမပြုဘဲ ခိုင်မာပြတ်သားစွာ ရပ်တည်ရန် လိုအပ်ကြောင်း APHR က တောင်းဆိုထားသည်။




