25 C
Yangon

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မည်သည့်နည်းနှင့်မှ စွန့်လွှတ်မည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မည်သည့်နည်းနှင့်မှ စွန့်လွှတ်မည်မဟုတ်ဘဲ အဓိကမူဘောင်အဖြစ် ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ ပီ လာဇာရိုက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်နေသည့် မြေပြင်အခြေအနေများနှင့်အညီ ဘုံသဘောတူညီချက် ၅ ရပ်ကို ပိုမိုလက်တွေ့ကျပြီး လိုက်လျောညီထွေရှိသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အာဆီယံခေါင်းဆောင်အချို့ကလည်း ပိုမိုထိရောက်ပြီး အဓိပ္ပာယ်ရှိသည့် ရလဒ်များ ထွက်ပေါ်လာစေရန် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ပုံကို ပြန်လည်စဉ်းစားရန် တိုက်တွန်းထားကြောင်း ၎င်းက ဆိုသည်။

သို့သော် ယင်းသို့ အကောင်အထည်ဖော်ပုံကို ပြန်လည်စဉ်းစားခြင်းသည် ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်ခြင်း လုံးဝမဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောဆိုသည်။

“ဖိလစ်ပိုင်နိုင်ငံအတွက်တော့ ဒါဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လိုပုံစံနဲ့မှ စွန့်လွှတ်တာ မဟုတ်ပါဘူး။ အာဆီယံဥက္ကဋ္ဌ ဒါမှမဟုတ် အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေအပေါ် မူတည်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု လာဇာရိုက Bernama သတင်းဌာနသို့ စာဖြင့်ဖြေကြားသည့် အင်တာဗျူးတွင် ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံခေါင်းဆောင်များက ချမှတ်ခဲ့သည့် မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူအားလုံးက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ကာ ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတစ်ရပ် ရှာဖွေရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က အာဆီယံအထွေထွေအတွင်းရေးမှူး၏ အကူအညီဖြင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို ကြားဝင်ညှိနှိုင်းပေးရန်၊ အာဆီယံ၏ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်၍ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်တို့ ဖြစ်သည်။

မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးများတွင် အပြည့်အဝ ကိုယ်စားပြုခွင့် ပြန်လည်ပေးအပ်ရေးမှာလည်း ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုတွင် လက်တွေ့ကျသည့် တိုးတက်မှုများ ရှိ၊ မရှိအပေါ် မူတည်မည်ဖြစ်ကြောင်း လာဇာရိုက ပြောသည်။

အထူးသဖြင့် ပဋိပက္ခနှင့် အကြမ်းဖက်မှုများ လျှော့ချရေး၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရေးတို့တွင် မြင်သာထင်သာရှိသည့် တိုးတက်မှုများ ရှိရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အာဆီယံခေါင်းဆောင်များက ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုကို နှစ်စဉ် ပြန်လည်သုံးသပ်ဆုံးဖြတ်သည့် လုပ်ငန်းစဉ်မှတစ်ဆင့် မြန်မာနိုင်ငံ၏ ပဋိပက္ခလျှော့ချရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ တိုးတက်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သုံးသပ်နိုင်ကြောင်း လာဇာရိုက ရှင်းပြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ စုစည်းတွေ့ဆုံကာ မြန်မာနိုင်ငံနှင့် အာဆီယံ၏ ထိတွေ့ဆက်ဆံရေး၊ ရှေ့ဆက်ဆောင်ရွက်မည့် လမ်းကြောင်းနှင့် အနာဂတ်အမြင်များကို အပြန်အလှန် ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးသွားရန် ရည်ရွယ်ထားကြောင်းလည်း လာဇာရိုက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အာဆီယံက မြန်မာစစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။ အာဆီယံအဆင့်မြင့်အစည်းအဝေးများတွင်လည်း မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်များကိုသာ တက်ရောက်ခွင့်ပြုထားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကလည်း ဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာ့အရေး ဖြေရှင်းရေးအတွက် အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောဆိုခဲ့ပြီး ယင်းသဘောတူညီချက်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး နည်းလမ်းသစ်များကို အာဆီယံက ရှာဖွေနေကြောင်း ပြောဆိုထားသည်။

ထို့ပြင် မြန်မာစစ်တပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆွေးနွေးကာ အာဆီယံဦးဆောင်သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article