ရန်ကုန်၊ ဇူလိုင် ၁၂
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေ ပိုမို တိုးမြှင့် ရှာဖွေပေးကြရန်၊ အေဂျင်စီများနှင့်ဌာနဆိုင်ရာများက နိုင်ငံခြားငွေများ ပြည်တွင်းသို့ ပြန်လည်စီးဝင်ရေး ယခုထက်ပိုမိုကြပ်မတ်ပေးရန် အကြမ်းဖက်စစ်တပ်၏ အလုပ်သမားဝန်ကြီး ခင်မောင်စိုးက အမိန့်ပေးပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့မိသားစုဝင်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုဆီသို့ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ခင်မောင်စိုးက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများ သန်းချီရှိနေပြီး ယင်းအလုပ်သမားများအနေဖြင့် ရွှေ့ပြောင်းသွားလာမှုမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကို အဓိက ရှာဖွေပေးနေသော အရင်းအမြစ်ကြီးဖြစ်လာစေရန်၊ ပြည်ပရောက် မြန်မာများ၏ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ပြန်လည် စီးဝင်စေရေး ကြပ်မတ်ဆောင်ရွက်ပေးကြရန် ၎င်းက အမိန့်ပေးသည်။
“ပြည်ပရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက နိုင်ငံခြားဝင်ငွေတွေက ပြည်တွင်းကို စီးဆင်းသင့်သလောက် မစီးဆင်းသေးဘူး။ အဲဒါကို ပိုပြီး အားစိုက်ပေးကြဖို့။ လက်ရှိအခြေအနေထက်ပိုပြီး နိုင်ငံခြားဝင်ငွေတွေ စီးဆင်းလာမယ်ဆိုရင် ပိုပြီးတော့ တိုင်းပြည်အတွက် ကောင်းမယ်ပေါ့။ အထူးသဖြင့်တော့ အေဂျင်စီတွေနဲ့ ဌာနဆိုင်ရာတွေဘက်က ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက မိသားစုထံ လွှဲပြောင်းငွေတွေ စီးဝင်စေဖို့ ကြပ်မတ်ပေးကြဖို့ ပြောသွားတယ်” ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သော ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
ယင်းနောက် ပြည်တွင်းသို့ နိုင်ငံခြားဝင်ငွေများ ပြန်လည် စီးဝင်စေရေးအတွက် မြန်မာအလုပ်သမားများကို ကြပ်မတ်ပေးခဲ့သော ရန်ကုန်အေခြစိုက် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၁၀ ခုကို ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ပြည်ပသို့ ထွက်ခွာမည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံခြားတွင် ရရှိသည့် အခြေခံလုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို တစ်လလျှင်တစ်ကြိမ် သို့မဟုတ် သုံးလစာစုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်း ကို သုံးလလျှင်တစ်ကြိမ် မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ တရားဝင်လမ်းကြောင်းဖြင့် မပျက်မကွက်လွှဲပြောင်း ပေးပို့ရန်၊ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကို မပျက်မကွက် ထမ်းဆောင်ရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်စာရောက်ရှိပါက သက်ဆိုင်ရာနိုင်ငံတွင် လုပ်ကိုင်နေသည့် စာချုပ်သက်တမ်းပြည့်ပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိချိန်တွင်မပျက်မကွက်စစ်မှုထမ်း ဆောင်ရန် လက်မှတ်ရေးထိုးဝန်ခံကတိပြုနေကြရသည်။
မြန်မာစစ်တပ်လက်အောက်ခံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက်လုပ်သားများထံမှ စီးဝင်လာသည့် ငွေကြေးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ (စင်ကာပူဒေါ်လာ ၇.၁ ဘီလီယံ) အထိ ရှိခဲ့သည်။ အဆိုပါ ပမာဏမှာ နိုင်ငံခြားငွေစီးဝင်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့်ရှိနေပြီး၊ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းဖြစ်သော ၂၀၂၂ ခုနှစ်တွင် ရှိခဲ့သည့် ဒေါ်လာ ၆၇၀ သန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်မှစတင်ကာ ပြည်ပရောက်လုပ်သားများအနေဖြင့် ၎င်းတို့၏ လစဉ်ဝင်ငွေ အနည်း ဆုံး ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် ပြန်လည်ပေးပို့ရန် စည်းမျဉ်းများ ချမှတ်ခဲ့သည်။
အဆိုပါစည်းမျဉ်းကို မလိုက်နာပါက နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခွင့်နှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့်များကို ပိတ်ပင်ထားခြင်းကြောင့် စစ်ကောင်စီနှင့် နီးစပ်သည့် ဘဏ်များအတွက် နိုင်ငံတကာငွေကြေး စီးဆင်းမှုကို အာမခံချက်ရှိရှိ ရရှိစေခဲ့သည်။
ယင်းလုပ်ရပ်သည် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် ပြည်တွင်းစစ်ကြောင့် အခြားသော ငွေကြေးအရင်းအမြစ်များ ပြတ်တောက်နေချိန်တွင် စစ်ကောင်စီအတွက် အဓိကထွက်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။
စစ်ကောင်စီအနေဖြင့် လောင်စာဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာ လိုအပ်နေခြင်းဖြစ်သည်။ ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် စီးဝင်လာသော အဆိုပါရွှေ့ပြောင်းငွေများသည် စစ်ကောင်စီက တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ဘဏ္ဍာရေးစနစ်အတွင်းသို့ ရောက်ရှိသွားပြီး မည်သို့လဲလှယ်အသုံးပြုမည်ကို အာဏာပိုင်များကသာ စီမံခန့်ခွဲနေခြင်းဖြစ်သည်။
လုပ်သားရွှေ့ပြောင်းငွေများ မြင့်တက်လာသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဆက်လက်ဆိုးရွားနေဆဲဖြစ်သည်။ ငွေကြေးဖောင်းပွမှုမှာ ၃၀ ရာခိုင်နှုန်းဝန်းကျင်တွင် ရှိနေပြီး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာလည်း ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၃ သန်းအထိ စံချိန်တင်ကျဆင်းသွားခဲ့သည်။
ထို့ပြင် အလုပ်သမားရေးရာအဖွဲ့အစည်းများကလည်း ယခုကဲ့သို့ ပတ်စပို့သက်တမ်းတိုးခြင်းနှင့် ငွေပြန်ပို့ခြင်းကို တွဲဖက်ထားသည့် မူဝါဒသည် လူသားတစ်ဦး၏ လွတ်လပ်စွာ သွားလာခွင့်နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စွမ်းကို ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်ထောက်ပြထားကြသည်




