25.3 C
Yangon

စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အကြာ မြန်မာနိုင်ငံမှာ အာရှ၏ လူအသေအပျောက်အများဆုံး စစ်ပွဲနှင့် လူသားချင်းစာနာမှု ကပ်ဘေးကြီး ကျရောက်နေသော်လည်း ကမ္ဘာကြီးက လျစ်လျူရှုနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီးနောက် ၅ နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံသည် အာရှတိုက်၏ လူအသေအပျောက်အများဆုံး စစ်ပွဲဖြစ်ပွားရာနိုင်ငံနှင့် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးများအနက် တစ်ခုအဖြစ် ကျရောက်နေသော်လည်း နိုင်ငံတကာက မြန်မာ့အရေးကို လျစ်လျူရှုနေကြောင်း အမေရိကန်နိုင်ငံခြားဆက်ဆံရေးကောင်စီ Council on Foreign Relations-CFR ၏ အရှေ့တောင်အာရှနှင့် တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ Joshua Kurlantzick က ဇူလိုင်လ ၁၀ ရက်နေ့တွင် သုံးသပ်ပြောဆိုလိုက်သည်။

ပဋိပက္ခများကို စောင့်ကြည့်မှတ်တမ်းတင်သည့် ACLED ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်း ၁,၂၀၀ ကျော် ပါဝင်နေသည့် ကမ္ဘာပေါ်တွင် အစိတ်စိတ်အမြွှာမြွှာ အကွဲပြားဆုံး ပဋိပက္ခဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ စစ်ဒဏ်အဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာကြောင်း ACLED က သတ်မှတ်ထားသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ ယခင်က ယခုကဲ့သို့ မဟုတ်ခဲ့ဘဲ ၂၀၁၁ ခုနှစ်မှစတင်၍ နိုင်ငံ ရေးစနစ်ကို တဖြည်းဖြည်း ဖွင့်လှစ်လာခဲ့သည့် ဆယ်စုနှစ်အတွင်း စီးပွားရေးသည် တစ်နှစ်လျှင် ပျမ်းမျှ ၆ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်။ ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၀၅ ခုနှစ်တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

စားနပ်ရိက္ခာ အပြင်းအထန်ပြတ်လပ်မှု ကြုံတွေ့နေရသူ အချိုးအစားမှာလည်း ဆယ်စုနှစ် ၂ ခုနီးပါး ဆက်တိုက်ကျဆင်းခဲ့ပြီး ရာစုနှစ်ဝက်ခန့် အာရှ၏ အဆင်းရဲဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ကာ မပြည့်စုံသေးသော်လည်း ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ရွေ့လျားနေခဲ့ကြောင်း CFR ၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံသာရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံနီးပါးအထိ မြင့်တက်ခဲ့ပြီး စစ်အာဏာမသိမ်းမီ နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံခန့်ရှိခဲ့သည်။ ဆက်သွယ်ရေးလုပ်ငန်းများ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းသစ်များလည်း အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ဗိုလ်ချုပ်များက အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း စစ်မျက်နှာစုံ ပြည်တွင်းစစ် ဖြစ်ပွားလာကာ မြန်မာနိုင်ငံမှာ နိုင်ငံတော်ယန္တရား ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာ့ GDP သည် ၁၈ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ယနေ့အချိန်အထိ အပြည့်အဝ ပြန်လည်နာလန်ထူနိုင်ခြင်းမရှိသေးပေ။ ၂၀၂၃ ခုနှစ်တွင် ဆင်းရဲမွဲတေမှုနှုန်းမှာ ၄၉ ဒသမ ၇ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး မြင့်တက်လာကာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ရရှိခဲ့သည့် တိုးတက်မှုများ ပျောက်ကွယ်သွားခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ လေ့လာချက်အရ မြန်မာနိုင်ငံ၏ လူလတ်တန်းစား အရေ အတွက် ထက်ဝက်ခန့် လျော့ကျသွားပြီး ပြည်သူ ၄ ဦးလျှင် ၃ ဦးမှာ အခြေခံစားဝတ်နေရေး ရပ်တည်နိုင်ရုံ သို့မဟုတ် ယင်းအခြေအနေအနီးတွင်သာ နေထိုင်နေရသည်။ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး အခြေခံစားသောက်ကုန်ခြင်းတစ်ခြင်း၏ ဈေးနှုန်းမှာ ၃ ဆနီးပါး မြင့်တက်လာသည်။

ကျွမ်းကျင်လုပ်သား သန်းနှင့်ချီ၍ နိုင်ငံမှ ထွက်ခွာသွားကြပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်ပါက ၄ ပုံ ၃ ပုံနီးပါး ကျဆင်းသွားသည်။

လက်ရှိတွင် မြန်မာပြည်သူ ၁၅ ဒသမ ၂ သန်း၊ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံနီးပါးမှာ အရေးပေါ်စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ်မှာ အငတ်ဘေးကျရောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ လူပေါင်း ၃ ဒသမ ၅ သန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အာဏာသိမ်းမှုနောက်ပိုင်း ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ အနည်းဆုံး အကြိမ် ၃၃၀ ကျော် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည်။

ပဋိပက္ခနှင့် တရားဥပဒေစိုးမိုးမှု ပျက်စီးခြင်းကြောင့် မြန်မာနိုင်ငံတွင် အလွန်ကြီးမားသည့် ရာဇဝတ်စီးပွားရေးစနစ်တစ်ခုလည်း ပေါ်ပေါက်လာကြောင်း CFR က ဆိုသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ကို ကျော်တက်၍ ကမ္ဘာ့ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာပြီး ဘိန်းမက်ထရစ်တန်ချိန် ၁,၀၈၀ ခန့် ထုတ်လုပ်ခဲ့ကာ တန်ဖိုး ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့မက်သမ်ဖက်တမင်း ထုတ်လုပ်မှု၏ အဓိကဗဟိုချက်တစ်ခု ဖြစ်လာပြီး ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံတစ်နိုင်ငံတည်းက စံချိန်တင် စိတ်ကြွဆေးပြား ၁ ဘီလီယံ ဖမ်းဆီးရမိခဲ့ကာ အများစုမှာ မြန်မာနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကလည်း လူကုန်ကူးခံရသူများကို ကျွန်ပြုမှုနှင့်နီးစပ်သည့် အခြေအနေများဖြင့် အလုပ်ခိုင်းစေကာ နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ ဝင်ငွေရရှိနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုညွှန်းကိန်းတစ်ခုတွင် မြန်မာနိုင်ငံကို ကမ္ဘာ့ရာဇဝတ်မှုအထူထပ်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

ACLED အချက်အလက်များအရ အရပ်သားသေဆုံးမှု၏ ၇၁ ရာခိုင်နှုန်းခန့်မှာ စစ်ကောင်စီ၏ လုပ်ရပ်များကြောင့်ဖြစ်ပြီး စစ်တပ်က အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ အဓိကအသုံးပြု၍ တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

စစ်တပ်၏ တိုက်လေယာဉ်နှင့် ဒရုန်းများက ဈေးများ၊ ဘုန်းကြီးကျောင်းများ၊ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို တိုက်ခိုက်ခဲ့သည်။

၂၀၂၅ ခုနှစ် မေလတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၂ ဦးနှင့် ဆရာ၊ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ဦးမြို့ရှိ ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများ အပါအဝင် အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ခန့်မှန်းချက်အရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၄ ခုနှစ်တွင် ၂,၄၇၁ ကြိမ်ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄,၈၈၁ ကြိမ်အထိ တစ်နှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာသည်။

လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက စစ်ကောင်စီ၏ လုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်း ပြောဆိုထားပြီး အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC ၏ ရှေ့နေချုပ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုထားသည်။

စစ်တပ်က ကျေးရွာများကို မီးရှို့ခြင်း၊ ဖမ်းဆီးထားသူများကို သတ်ဖြတ်ခြင်းနှင့် အလောင်းများကို လယ်ကွင်းများအတွင်း စွန့်ပစ်ထားခြင်းများ ရှိကြောင်း အသက်ရှင်လွတ်မြောက်လာသူများက ထွက်ဆိုထားပြီး စစ်တပ်အာဏာသိမ်းချိန်မှစ၍ နေအိမ် ၁၁၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ကို နိုင်ငံ၏ နေရာအများအပြားမှ မောင်းထုတ်နိုင်ခဲ့ပြီး လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ကာ ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ၏ ထက်ဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း CFR က ဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ မန္တလေးမြို့နှင့် ၁၄ မိုင်ခန့်အကွာအထိ ချဉ်းကပ်နိုင်ခဲ့သည်။

သို့သော် စစ်ကောင်စီ၏ အခြေအနေ ပြန်လည်ပြောင်းလဲလာခြင်းမှာ စစ်ဗိုလ်ချုပ်များ၏ စစ်ရေးကျွမ်းကျင်မှုကြောင့်မဟုတ်ဘဲ အာဏာရှင်မိတ်ဖက်နိုင်ငံများ၏ အကူအညီကြောင့်ဖြစ်ကြောင်း Joshua Kurlantzick က သုံးသပ်သည်။

ဘီလာရုစ်က V3D ရေဒါနည်းပညာနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ အပါအဝင် အဆင့်မြင့်စစ်ရေးစနစ်များ ပေးအပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရုရှား၏ အဆင့်မြင့် တိုက်ခိုက်ရေးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သစ်များကို ပထမဆုံးဝယ်ယူသည့်နိုင်ငံ ဖြစ်လာခဲ့ကြောင်း ဆိုသည်။

အီရန်ကလည်း စစ်ကောင်စီ၏ တိုက်လေယာဉ်များ ဆက်လက်ပျံသန်းနိုင်ရေး အရေးပါသည့် လေယာဉ်ဆီများကို လျှို့ဝှက်ပေးပို့ခဲ့ပြီး တရုတ်နိုင်ငံက ဒေါ်လာ ၃ ဘီလီယံခန့် အကူအညီပေးနိုင်ကြောင်း ကမ်းလှမ်းထားသည်ဟု သုံးသပ်ချက်တွင် ဖော်ပြထားသည်။

စစ်လက်နက်နှင့် အထောက်အပံ့များ ပြန်လည်ရရှိလာသည့် စစ်တပ်သည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များတွင် ထိုးစစ်များ ပြန်လည်ဆင်နွှဲခဲ့ပြီး လားရှိုးမြို့နှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်သည့် အရေးပါသော လမ်းမကြီးကို ပြန်လည်ရယူကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်သည့် စီမံဖန်တီးထားသော ရွေးကောက်ပွဲများကို ပြုလုပ်ခဲ့ကြောင်း CFR ဆောင်းပါးက ရေးသားထားသည်။

ထိုသို့ မြန်မာနိုင်ငံ၏ အခြေအနေ ဆိုးရွားနေသော်လည်း ကမ္ဘာက မြန်မာ့အရေးကို လျစ်လျူရှုနေကြောင်း သုံးသပ်ထားသည်။

အာဆီယံက စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့သော်လည်း စစ်ကောင်စီက ၂ ရက်အတွင်း ယင်းသဘောတူညီချက်ကို ငြင်းပယ်သည့်သဘောထား ပြသခဲ့ပြီး ယနေ့အချိန်အထိ လိုက်နာခြင်းမရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း ကျဆင်းလာနေပြီး ၂၀၂၅ ခုနှစ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်အတွက် ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံ လိုအပ်ခဲ့သော်လည်း နှစ်လယ်ပိုင်းအထိ ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ထို့ပြင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက USAID ကို ဖျက်သိမ်းမှုကြောင့် ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင် မြန်မာနိုင်ငံအတွက် အကူအညီ ဒေါ်လာ ၂၅၉ သန်းခန့် ဖြတ်တောက်ခံခဲ့ရကြောင်း သုံးသပ်ချက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHS က အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား ၄,၀၀၀ ခန့်အတွက် ယာယီကာကွယ်စောင့်ရှောက်မှု TPS ကို ရပ်ဆိုင်းခဲ့ပြီး မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်ရန် ဘေးကင်းသည်ဟု ကြေညာခဲ့သည်။

သို့သော် မြန်မာ့အရေး လေ့လာသူအများစုက ယင်းသတ်မှတ်ချက်ကို သဘောမတူကြဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံချက်များတွင်ပင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများကို ပြန်ပို့ခြင်းမှာ စစ်ပွဲဇုန်အတွင်းသို့ ပြန်လည်ပို့ဆောင်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း CFR သုံးသပ်ချက်က ဆိုသည်။

အမေရိကန်တစ်နိုင်ငံတည်းသာမက ဂျာမနီ၊ ဩစတြီးယား၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဂရိနိုင်ငံတို့ကလည်း ခိုလှုံခွင့်ပယ်ချခံရသူများကို ပြန်လည်ပို့ဆောင်ရန် နိုင်ငံပြင်ပ “Return Hubs” များ ဖွင့်လှစ်ရေး စဉ်းစားနေကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၄ သန်းကျော် နေထိုင်နေပြီး ထက်ဝက်ခန့်မှာ အထောက်အထားမဲ့ နေထိုင်သူများဖြစ်ကာ ထိုင်းအာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေး စစ်ဆေးဖမ်းဆီးမှုများနှင့် အစုလိုက်အပြုံလိုက် ပြန်ပို့မှုများ ပုံမှန်လုပ်ဆောင်နေသည်။ ၂၀၂၄ ခုနှစ် ၃ လတာကာလအတွင်း မြန်မာနိုင်ငံသား ၁၄၄,၀၀၀ ကျော်ကို ဖမ်းဆီး၍ ပြန်ပို့ခဲ့ကြောင်း ဆိုသည်။

အိန္ဒိယကလည်း မြန်မာဒုက္ခသည်များကို ပြန်လည်ပို့ဆောင်နေပြီး မလေးရှားက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ တားမြစ်တောင်းဆိုမှုများရှိနေသော်လည်း မြန်မာခိုလှုံခွင့်တောင်းခံသူများကို ပြန်ပို့ခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဒုက္ခသည်များကို ကော့ဘဇားဒေသရှိ စခန်းများတွင်သာ နေထိုင်စေထားပြီး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကူတူပါလောင်စခန်းတွင် နေထိုင်မှုအခြေအနေ အလွန်ဆိုးရွားနေကြောင်း ဆိုသည်။

တစ်ချိန်တည်းတွင် အမေရိကန်အစိုးရ၏ မူဝါဒမှာလည်း မြန်မာစစ်ကောင်စီနှင့် တဖြည်းဖြည်း နီးကပ်လာသည့် လက္ခဏာများ ပြသနေကြောင်း CFR သုံးသပ်ချက်က ဆိုသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်အချို့အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ပြီး ယင်းတို့အနက် စစ်ကောင်စီအတွက် လက်နက်ဝယ်ယူပေးသည်ဟု ဆိုသောသူများလည်း ပါဝင်ကြောင်း ဆိုသည်။

စစ်ကောင်စီကလည်း ဝါရှင်တန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ထရမ့်နှင့် ဆက်နွှယ်သည့် DCI Group ကုမ္ပဏီကို ဒေါ်လာ ၃ သန်းတန် စာချုပ်ဖြင့် ငှားရမ်းထားပြီး သမ္မတထရမ့်၏ နှစ်ရှည်မိတ်ဆွေ Roger Stone ကို လစဉ် ဒေါ်လာ ၅၀,၀၀၀ ပေး၍ နှစ်နိုင်ငံဆက်ဆံရေး “ပြန်လည်တည်ဆောက်ရန်” ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

“စာသင်ကျောင်းတွေကို ဗုံးကြဲပြီး ကိုယ့်နိုင်ငံသားတွေကို ငတ်မွတ်စေတဲ့ အစိုးရတစ်ရပ်က အခုတော့ လစဉ်ငွေပေးပြီး နိုင်ငံတကာရဲ့ လေးစားအသိအမှတ်ပြုမှုကို ဝယ်ယူနေတယ်။ ပေးဆပ်နေရတာကတော့ ပြည်သူတွေရဲ့ သွေးနဲ့ ဖြစ်ပါတယ်” ဟု Joshua Kurlantzick က ရေးသားထားသည်။

လူသေဆုံးမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ကူညီနိုင်သည့် အာဏာရှိသူများက မြန်မာနိုင်ငံကို ဆက်လက်ကြည့်ရှုဂရုစိုက်ရန် ဆန္ဒရှိသေးသလား သို့မဟုတ် မျက်နှာလွှဲနေခြင်းကပင် ၎င်းတို့၏ အဖြေဖြစ်နေပြီလားဆိုသည့် မေးခွန်း ထွက်ပေါ်နေကြောင်း CFR အကြီးတန်းသုတေသီ Joshua Kurlantzick က သုံးသပ်ရေးသားထားသည်။

(How the Coup Turned Myanmar Into Asia’s Deadliest Conflict—and Why the World Is Looking Away ကို ဘာသာပြန်ဆိုထားပါသည်။)

ဓာတ်ပုံ- ၂၀၂၅ ခုနှစ်အတွင်း ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ နာရေးမြင်ကွင်း။ (ပုံအဟောင်းများဖြစ်ပါသည်။) Photo- AA။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article