ရန်ကုန်၊ ဇူလိုင် ၁၂
မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ရော့ကတ်များနှင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၈ မိနစ်ခန့်မှ ၁၁ နာရီ ၃၀ မိနစ်ခန့်အထိနှင့် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်မှ ၂ နာရီ ၅၀ မိနစ်ခန့်အထိ ညောင်ဦးလေဆိပ်မှ ပျံတက်လာသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး၊ မကွေးလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးနှင့် တံတားဦးလေတပ်မှ ဂျက်တိုက်လေယာဉ် ၁ စီးတို့က ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနီးတစ်ဝိုက်ရှိ နေရာများကို ၁၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်မှ ၅ နာရီ ၃၀ မိနစ်ခန့်အထိ တံတားဦးလေတပ်မှ ဂျက်တိုက်လေယာဉ် ၁ စီးနှင့် မကွေးလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးတို့က မြိုင်မြို့နယ်အနောက်ပိုင်းရှိ နေရာတစ်ခုကို ၆ ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း မြိုင်မြို့နယ်တောင်ပိုင်း၊ ကိုင်းတောကျေးရွာအနီးရှိ ကျေးရွာများမှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦး ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးမှာလည်း အမိုးလန်ကာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ရှပ်ထိဒဏ်ရာရတာမျိုးတွေပဲ ရှိပါတယ်။ ညနေပိုင်းဟာကတော့ ထိခိုက်သေဆုံးတာရှိတယ်လို့ မကြားရဘူး။ မွန်းလွဲ ၂ နာရီလောက်က မြိုင်မြို့နယ်တောင်ပိုင်း ကိုင်းတောရွာအနီးက အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ပြည်သူ ၃ ဦးက ဘယ်ရွာတွေကလဲဆိုတာ သေချာမသိရသေးဘူး။ ကိုင်းတောအနားက ကျေးရွာတွေကပဲ ဖြစ်ပါလိမ့်မယ်။ နေအိမ် ၂ လုံး ပျက်စီးတယ်ဆိုတာကလည်း အမိုးလန်တာလောက်ပါပဲ။ ညနေ ၅ နာရီလောက်က မြိုင်နယ်အနောက်ပိုင်းကို ချတာကတော့ မထိဘူး။ ထိတဲ့သူတွေက မြိုင်နယ်တောင်ပိုင်း ကိုင်းတောနားမှာ ထိတာပါ။ ကိုင်းတောအနီးကို ရော့ကတ်တွေနဲ့ ပစ်တာ ၁၀ လုံးလောက်ရှိမယ်” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ ဆရာထွေးက ပြောဆိုသည်။
အလားတူ ဇွန်လ ၁ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ပျံတက်လာသော အသေခံဒရုန်း ၂ စီးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ခင်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့စဉ်။




