ရန်ကုန်၊ ဇူလိုင် ၁၂
ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်နေပြီး ဆွေမျိုး၊ အစ်မကဲ့သို့ စောင့်ရှောက်ပေးထားကြောင်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုခဲ့သည်။
ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောတွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုများရှိခဲ့ရာ တင်မောင်ဆွေက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်နေကြောင်းနှင့် ဆွေမျိုး၊ အစ်မတစ်ဦးကဲ့သို့ သဘောထားကာ စောင့်ရှောက်ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပြောခဲ့တာကို ကျွန်မ မှတ်မိသလောက်ဆိုရင် သူက ကျန်းမာရေးကောင်းမွန်နေပါတယ်။ သူက ဆွေမျိုးတစ်ယောက်၊ အစ်မတစ်ယောက်လိုဖြစ်တဲ့အတွက် ကျွန်မတို့ သူ့ကို စောင့်ရှောက်ပေးသွားမှာပါဆိုတဲ့ သဘောမျိုး ပြောခဲ့တာပါ” ဟု လာဇာရိုက ပြောဆိုသည်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစတင်၍ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိအကျ မသိရှိရသေးပေ။ လာဇာရိုက ဒေါ်အောင်ဆန်းစုကြည်ကို “သတ်မှတ်ထားသော နေရာတစ်ခု” သို့ ပြောင်းရွှေ့ထားကြောင်း အစောပိုင်းတွင် ပြောဆိုခဲ့သော်လည်း နေရာအတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
လာဇာရိုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လူကိုယ်တိုင်တွေ့ဆုံခွင့်ရရှိရေး တောင်းဆိုထားသော်လည်း ယခုအချိန်အထိ စစ်ကောင်စီဘက်က တွေ့ဆုံခွင့် မပေးသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကီယိုကလည်း ယနေ့ အလွတ်သဘောအစည်းအဝေးအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ တင်မောင်ဆွေကို မေးမြန်းမှုများရှိခဲ့ကြောင်း ပြောဆိုသည်။
“အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ အဲဒီလိုတွေ့ဆုံခွင့်ရမှ နိုင်ငံခြားရေးဝန်ကြီး ပြောဆိုထားတဲ့ အချက်တွေကို ကျွန်တော်တို့ အတည် ပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုအပါအဝင် အမှုများဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပြီး မကြာသေးမီက ပြစ်ဒဏ်၏ သုံးပုံတစ်ပုံကို လျှော့ချပေးခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သဖြင့် စစ်ခေါင်းဆောင်များကို အာဆီယံအဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
ယနေ့ ဘန်ကောက်မြို့တွင် ပြုလုပ်သော အလွတ်သဘောတွေ့ဆုံပွဲသည် စစ်အာဏာသိမ်းပြီးနောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရှိရသည်။




