ရန်ကုန်၊ ဇူလိုင် ၁၃
မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်တွင် လာဘ်ပေးလာဘ်ယူမှု၊ အမိန့်မနာခံမှုနှင့် ငွေကြေးအလွဲသုံးစားမှုများဖြင့် ထောင်ဒဏ်ကျခံနေရသော လက်ရှိစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၏ ကိုယ်ရေးအရာရှိ-PSO ဗိုလ်ကြီး ဖြိုးသူရအောင်သည် ကင်းသာကုန်ထုတ်စခန်းသို့ အထူးအခွင့်အရေးဖြင့် ပြောင်းရွှေ့ခွင့်ရရှိပြီး စခန်းအတွင်း လွတ်လပ်စွာ နေထိုင်ခွင့်ရရှိနေကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မကြာသေးမီက ရမည်းသင်းအကျဉ်းထောင်မှ ကင်းသာကုန်ထုတ်စခန်းသို့ ရဲဘက်အကျဉ်းသား ၃၀ ဦး ပြောင်းရွှေ့ခဲ့ရာ အရပ်သားအကျဉ်းသား ၂၀ ဦးနှင့် ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့် စစ်တပ်အရာရှိ ၁၀ ဦး ပါဝင်ခဲ့ကြောင်း၊ ယင်းစစ်တပ်အရာရှိ ၁၀ ဦးအနက် ဗိုလ်ကြီး ဖြိုးသူရအောင်လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။
အကျဉ်းသား ၃၀ ဦးကို ရမည်းသင်းအကျဉ်းထောင်မှ ထုတ်ဆောင်ရာတွင် ဗိုလ်ကြီး ဖြိုးသူရအောင်မှအပ ကျန်အကျဉ်းသား ၂၉ ဦးလုံးကို ရဲလုံခြုံရေးအစောင့်အရှောက်ဖြင့် အချုပ်ကားများပေါ်တင်၍ ကင်းသာကုန်ထုတ်စခန်းသို့ ပို့ဆောင်ခဲ့သော်လည်း ဗိုလ်ကြီး ဖြိုးသူရအောင်ကိုမူ ကိုယ်ပိုင် VIP ကားဖြင့် သီးခြားသွားလာခွင့်ပြုခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။
ကင်းသာကုန်ထုတ်စခန်းသို့ ရောက်ရှိချိန်တွင်လည်း ကျန်စစ်တပ်အရာရှိ ၉ ဦးနှင့် ရဲဘက်အကျဉ်းသားအသစ်များမှာ ခြေကျင်းများ ဖြုတ်ခွင့်မရသေးဘဲ အလုပ်ကြမ်းများ လုပ်ကိုင်နေရသော်လည်း ဗိုလ်ကြီး ဖြိုးသူရအောင်ကိုမူ ရောက်ရှိသည်နှင့် ခြေကျင်းချက်ချင်း ဖြုတ်ပေးကာ စခန်းပြင်ပရှိ တိုက်အိမ်တစ်လုံးတွင် သီးခြားနေထိုင်ခွင့်ပေးထားကြောင်း သိရသည်။
“ရမည်းသင်းထောင်က ထုတ်လာကတည်းက ကျန်တဲ့ ၂၉ ယောက်က ရဲလုံခြုံရေးနဲ့ အချုပ်ကားနဲ့ လာရတာ။ သူတစ်ယောက်တည်းကတော့ ကိုယ်ပိုင် VIP ကားနဲ့ လာတယ်။ ကင်းသာရောက်တော့လည်း ကျန်တဲ့သူတွေ ခြေကျင်းမဖြုတ်ရသေးဘူး။ သူ့ကိုတော့ ရောက်တာနဲ့ ခြေကျင်းချက်ချင်းဖြုတ်ပြီး အပြင်မှာ တိုက်အိမ်တစ်အိမ်ပေးတယ်။ တိုက်နဲ့၊ အဲကွန်းနဲ့ ဇိမ်ခံနေတာ။ ကျန်တဲ့ စစ်ဗိုလ် ၉ ယောက်နဲ့ ရဲဘက်အသစ်တွေကတော့ ခြေကျင်းတောင် မဖြုတ်ရသေးဘဲ အလုပ်ကြမ်းလုပ်နေရတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဗိုလ်ကြီး ဖြိုးသူရအောင်သည် လက်ရှိစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၏ PSO အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်ပိုင်ငွေကြေး သိန်းပေါင်း ၃ သောင်းကျော် အလွဲသုံးစားပြုလုပ်မှု၊ အဂတိလိုက်စားမှုနှင့် အမိန့်မနာခံမှုများဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
အလားတူပြစ်မှုများကို အခြားစစ်တပ်အရာရှိများ ကျူးလွန်ပါက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရလေ့ရှိသော်လည်း ဗိုလ်ကြီး ဖြိုးသူရအောင်မှာ စစ်ရေးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သည့်အတွက် ထောင်ဒဏ် ၃ နှစ်သာ ချမှတ်ခံခဲ့ရခြင်းအပေါ် စစ်တပ်အတွင်း မကျေမနပ်မှုများရှိနေကြောင်း သိရသည်။
“အဓိကက စစ်တပ်ရဲ့ ငွေ သိန်းပေါင်း ၃ သောင်းကျော် အလွဲသုံးစားလုပ်တယ်လို့ သိရတယ်။ အဂတိလည်းပါတယ်။ အခြားအရာရှိတွေဆိုရင် ဒီလိုအမှုမျိုးနဲ့ အနည်းဆုံး ထောင်အနှစ် ၂၀ လောက် ချခံရနိုင်တယ်။ သူ့ဆရာက စစ်ရေးချုပ်ဖြစ်နေလို့ သူ့ကိုကျတော့ ၃ နှစ်ပဲ ချလိုက်တာကို မကျေမနပ်ဖြစ်နေကြတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် ဗိုလ်ကြီး ဖြိုးသူရအောင်မှာ PSO တာဝန်ထမ်းဆောင်စဉ်ကတည်းက ငွေကြေးချမ်းသာသူဖြစ်ပြီး လက်ရှိ ကင်းသာကုန်ထုတ်စခန်းအတွင်း၌လည်း ငွေကြေးအမြောက်အမြား သုံးစွဲကာ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများထံမှ အထူးအခွင့်အရေးများ ရရှိနေကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။
“ကျန်တဲ့သူတွေ မိသားစုနဲ့ တွေ့ခွင့်ရဖို့တောင် ခက်ခဲနေတဲ့အချိန်မှာ သူက အပြင်က ဧည့်သည်တွေကို နေ့တိုင်းခေါ်ပြီး အရက်သောက်နေတယ်။ သူက PSO လုပ်ခဲ့ပြီး ငွေကို ရေလိုသုံးနိုင်တယ်။ တာဝန်ရှိတဲ့သူတွေကလည်း သူ့ဆီက ယူထားကြတော့ သူဘာလုပ်လုပ် ဘာမှမပြောဘဲ ဖားနေကြရတယ်။ ဒုဗိုလ်ချုပ်ကြီးရဲ့ PSO ဆိုတဲ့ အရှိန်နဲ့ ထောင်ကျနေတဲ့ ဗိုလ်ချုပ်တွေကတောင် သူ့ကို ကြောက်နေရတဲ့သဘောရှိတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ကင်းသာကုန်ထုတ်စခန်း၌ ဗိုလ်ကြီး ဖြိုးသူရအောင်က အဲကွန်းတပ်ဆင်ထားသည့် တိုက်အိမ်တွင် သီးခြားနေထိုင်ကာ ပြင်ပဧည့်သည်များနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ရရှိနေချိန်တွင် အတူပြောင်းရွှေ့လာသည့် စစ်တပ်အရာရှိများနှင့် အခြားရဲဘက်အကျဉ်းသားများမှာ ခြေကျင်းများဖြင့် အလုပ် ကြမ်းလုပ်ကိုင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကင်းသာကုန်ထုတ်စခန်းတွင် သာမန်အကျဉ်းသားအကျဉ်းသူများ နေထိုင်နေရသည့် မြင်ကွင်းတချို့။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)




