ရန်ကုန်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင် လှုပ်ခတ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ်၊ ပြင်ဦးလွင်နှင့်တောင်ကြီး အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်း မြို့ကြီးများတွင် သိသိသာသာခံစားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။
အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၄၂ ကီလိုမီတာအကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ၊ ငလျင်၏ ဗဟိုအနက်မှာ ၁၀ ကီလိုမီတာရှိကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၅၄ မိနစ်မှ နံနက် ၇ နာရီ ၅၆ မိနစ်အတွင်း မန္တလေးမြို့တွင် သိသာသော ငလျင် လှုပ်ခတ်ခဲ့သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ နေအိမ်များ၊ တိုက်ခန်းများနှင့် လုပ်ငန်းခွင်များအတွင်းမှ အလျင်အမြန် ထွက်ပြေးခဲ့ကြကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မန္တလေးဒေသခံများ၏ ပြောကြားချက်အရ ယနေ့ လှုပ်ခတ်သော ငလျင်မှာ လှုပ်ရှားမှုအတော်အသင့်ပြင်းထန်ကာ ကြာမြင့်ချိန်လည်း ရှိသဖြင့် ပြည်သူများကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“မနက် ၇ နာရီ ၅၄ မိနစ်လောက်ကစပြီး ၇ နာရီ ၅၆ မိနစ်အထိ ငလျင်က ၂ ကြိမ် ဆက်တိုက် လှုပ်သွားတယ်။ အိမ်တစ်လုံးလုံး ရမ်းခါသွားတာ။ အားလုံး ကြောက်ပြီး အပြင်ကို ပြေးထွက်ကြတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြော သည်။
အခြားမန္တလေးဒေသခံတစ်ဦးကလည်း “ဒီတစ်ခေါက် ငလျင်က အရင်အကြိမ်တွေထက် နည်းနည်းကြမ်းတယ်လို့ ခံစားရတယ်။ လှုပ်တဲ့အချိန်လည်း တော်တော်ကြာတော့ လူတွေ အကုန်လုံး ထိတ်လန့်သွားကြတယ်” ဟု ပြောဆိုသည်။
မန္တလေးမှ ပြည်သူများမှာ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ စိတ်ဒဏ်ရာများကြောင့် ထိတ်လန့်နေကြပြီး ငလျင်လှုပ်ခတ်တိုင်း နေအိမ်ပြင်ပသို့ အလျင် အမြန် ထွက်ပြေးကြသည်ဟု ဒေသခံများက ပြောဆိုကြသည်။
မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွေ့ကြောအနီးတွင် တည်ရှိသဖြင့် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ကြုံတွေ့ရသည့် ဒေသတစ်ခုဖြစ်သည်။ အထူးသဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းအတွင်း လူထောင်နှင့်ချီ သေဆုံးခဲ့ပြီး အဆောက်အအုံများ၊ သာသနိကအဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများ အကြီးအကျယ် ပျက်စီးခဲ့သည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ပျက်စီးမှုများရှိခဲ့သော မန္တလေး။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)




