ရန်ကုန်၊ ဇူလိုင် ၁၇
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံက ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ မနီလာမြို့၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာစစ်ကောင်စီ၏ နိုင်ငံခြား ရေးဝန်ကြီးကို တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားပြီး နိုင်ငံရေးမသက် ဆိုင် သည့် အမြဲ တမ်းအတွင်းဝန်အဆင့် ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီရီယယ် (Dax Imperial) က မနီလာအစည်းအဝေးတွင် မြန်မာနိုင်ငံကို အမြဲတမ်းအတွင်းဝန်အဆင့် ကိုယ်စားလှယ်ကသာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး Five-Point Consensus အကောင်အထည်ဖော်ရေးနှင့်ပတ်သက်သည့် အလွတ် သဘောဆွေးနွေးပွဲတွင်မူ မြန်မာကိုယ်စားလှယ် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားသည်။
“လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ဒီအစည်းအဝေးက အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ အစည်း အဝေးရဲ့ ရလဒ်တွေကို နိုင်ငံခြားရေးဝန်ကြီးတွေ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။အဲဒီ တွေ့ဆုံဆွေးနွေးမှုတွေအပြီးမှာ အာဆီယံအနေနဲ့ ဘာတွေကို ဆက်လုပ်မလဲ၊ ရှေ့ဆက်မယ့် လမ်းကြောင်းက ဘာဖြစ်မလဲဆိုတာကို တွေ့မြင်ရနိုင်ပါတယ်”ဟု ဒက်စ် အင်ပီရီယယ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့အပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ် အတည်းနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် ရှေ့ဆက်ဆောင် ရွက်မည့် အနာဂတ်လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ ဘုံသဘောတူညီချက် (Five-Point Consensus – 5PC) အကောင်အထည်ဖော်ရေးနှင့်ပတ်သက်သည့် အလွတ်သဘော တိုးချဲ့ဆွေးနွေးပွဲကိုလည်း ကျင်းပမည်ဖြစ်ပြီး၊ ယင်းဆွေးနွေးပွဲသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုအပြီး ဆက်လက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံကို အာဆီယံအတွင်း တဖြည်းဖြည်း ပြန်လည်ပေါင်းစည်းနိုင်ရန်နှင့် Five-Point Consensus အကောင်အထည်ဖော်ရေးတွင် တိုးတက်မှုရရှိစေရန် ရည်ရွယ်သည့် “အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရေး” (Calibrated Re-engagement) မူဝါဒကို ကျင့်သုံးသွားမည်ဟု မကြာသေးမီက ကြေညာထားသည်။
အာဆီယံသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီ၏ နိုင်ငံရေးကိုယ် စားလှယ်များကို နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးများ၊ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် အခြားအဆင့်မြင့်အစည်း အဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ နိုင်ငံရေးမသက်ဆိုင်သည့် ကိုယ် စားလှယ်များကိုသာ တက်ရောက်ခွင့်ပြုထားသည်။
ယခု မနီလာတွင် ကျင်းပမည့် အစည်းအဝေး၌လည်း အဆိုပါ မူဝါဒကို ဆက် လက်ကျင့်သုံးမည်ဖြစ်ရာ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးမှာ အစည်း အဝေးတက်ရောက်ခွင့် ရရှိမည်မဟုတ်ပေ။
ပြီးခဲ့သည့် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံအရေးကို ဖြေရှင်းရာ၌ Five-Point Consensus သည် အာဆီယံ၏ အဓိကလမ်းညွှန်မူဘောင်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပြီး၊ လာမည့် မနီလာအစည်း အဝေးတွင်လည်း မြန်မာ့အရေးနှင့်ပတ်သက်သည့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက်ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။




