25.2 C
Yangon

ကလေးမြို့၊ မော်လိုက်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအာကာမင်းကို ရာဇဝတ်အကျဉ်းသား ၂ ဦးက ထောင်အာဏာပိုင်များ၏ အားပေးအားမြှောက်မှုဖြင့် အုပ်စုဖွဲ့တိုက်ခိုက်မှု ဒဏ်ရာအပြင်း အထန်ရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့ရှိ မော်လိုက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအာကာမင်းကို သေဒဏ်ကျခံထားရသည့် ရာဇဝတ်အကျဉ်းသား ၂ ဦးက အုပ်စုဖွဲ့ လုပ်ကြံတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ကွယ်တွင် ထောင်အာဏာပိုင်များက အားပေးအားမြှောက်ခြင်းနှင့် လျစ်လျူရှုမှုများ ပါဝင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပြောဆိုလိုက်သည်။

ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မော်လိုက်အကျဉ်းထောင်အတွင်း အခန်းပြင်သို့ ထွက်လာသည့် အသက် ၄၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအာကာမင်းကို ရာဇဝတ်အကျဉ်းသား သီဟအောင်က နောက်ကွယ်မှ ရုတ်တရက် ဝင်ရောက်ထိုးနှက်ခဲ့ပြီး ပိုင်ဇင်လတ်က ချုပ်နှောင်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကိုအာကာမင်းမှာ မျက်နှာဖူးယောင်ဒဏ်ရာများရရှိခဲ့သည့်အပြင် မျက်စိအနီး ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာကို ၃ ချက် ချုပ်ယူခဲ့ရကြောင်း သိရသည်။

PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ယခုဖြစ်စဉ်သည် သာမန်ရာဇဝတ်အကျဉ်းသားများက မိမိသဘောဖြင့် ကျူးလွန်သည့် ဖြစ်စဉ်မဟုတ်ဘဲ ထောင်အာဏာပိုင်များ၏ နောက်ခံထောက်ခံမှုနှင့် အားပေးအားမြှောက်မှု ရှိမှသာ ပေါ်ပေါ်ထင်ထင် ကျူးလွန်နိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဒီလိုဖြစ်စဉ်ကိုကြည့်ရင် ထောင်အာဏာပိုင်တွေက ရာဇဝတ်အကျဉ်းသားတွေဘက်ကို ဘက်လိုက်ဖြေရှင်းနေတယ်လို့ မြင်ရတယ်။ အကျဉ်းထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုံခြုံရေးက အလွန်စိုးရိမ်စရာအခြေအနေကို ရောက်နေပါတယ်။ သာမန်ရာဇဝတ်အကျဉ်းသားတွေက နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို အခုလို ပေါ်ပေါ်ထင်ထင် သွားရောက်တိုက်ခိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ထပ်အမှုထပ်တိုးခံရတာ၊ အကျဉ်းထောင်ထဲမှာ ပိုပြီးခက်ခဲတဲ့အခြေအနေ ရင်ဆိုင်ရမှာကို စိုးရိမ်ကြတာကြောင့် အလွယ်တကူ မလုပ်ကြဘူး။ ဒါပေမယ့် ထောင်ဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေရဲ့ ထောက်ခံအားပေးမှုရထားတဲ့သူတွေကသာ အခုလို ကျူးလွန်ရဲတာ ဖြစ်ပါတယ်” ဟု မရောင်နီလင်းက ပြောသည်။

အကျဉ်းထောင်စည်းကမ်းအရ အကျဉ်းသားများအကြား ရန်ဖြစ်ပွားပါက နှစ်ဖက်လုံးကို ခွဲထားရမည်ဖြစ်သော်လည်း ယခုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ နိုင်ငံရေးအကျဉ်းသားကိုသာ အခြားတိုက်သို့ ပြောင်း ရွှေ့ထားပြီး လုံလောက်သည့် ဆေးဝါးကုသမှုပင် မပေးခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် ထောင်အာ ဏာပိုင်များ၏ “လက်တစ်လုံးခြား” ဆောင်ရွက်မှုဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် ကျူးလွန်သူ ၂ ဦးအပြင် လုံလောက်သည့် အရေးယူဆောင်ရွက်မှု မပြုလုပ်ခဲ့သော ထောင်အာဏာပိုင်များနှင့် ထောင်ဝန်ထမ်းများတွင်လည်း တာဝန်ရှိကြောင်း PPNM က ထောက်ပြထားသည်။

ကိုအာကာမင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၁ (က)၊ ၅၀ (ဈ)၊ ခွင့်ပြုချက်မရှိဘဲ စုဝေးမှုပုဒ်မ ၁၄၅ နှင့် ထောင်တွင်းဖြစ်စဉ်အတွက် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁) စသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၁၉ နှစ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းကို တိုက်ခိုက်ခဲ့သည့် ရာဇဝတ်အကျဉ်းသား ပိုင်ဇင်လတ်နှင့် ယခင်က အကျဉ်းထောင်အတွင်း ဘောလုံးအတူကစားခဲ့ဖူးပြီး ကြီးမားသည့် ပဋိပက္ခမရှိခဲ့ကြောင်းလည်း သိရသည်။

တိုက်ခိုက်မှုကျူးလွန်သူ အသက် ၂၃ နှစ်အရွယ် သီဟအောင်နှင့် အသက် ၂၆ နှစ်အရွယ် ပိုင်ဇင်လတ်တို့သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်မှုဖြင့် ရာဇဝတ်ပြစ်မှုဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရ ကလေးခရိုင်တရားရုံးက သေဒဏ်ချမှတ်ထားသည့် အမှုကြီးအကျဉ်းသားများဖြစ်ကြောင်း သိရသည်။

ထောင်အာဏာပိုင်များက ဒဏ်ရာရရှိသူ ကိုအာကာမင်းကိုသာ တိုက်အမှတ် (၂) သို့ ချက်ချင်းပြောင်း ရွှေ့ခဲ့ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ရာဇဝတ်အကျဉ်းသား ၂ ဦးကိုမူ မူလနေရာတွင်ပင် ဆက်လက်ထားရှိခဲ့ကြောင်း၊ နောက်တစ်နေ့တွင်မှ စစ်ဆေးမှုလုပ်ဆောင်ပြီး ခြေကျင်းခတ်ခြင်းနှင့် ခံဝန်လက်မှတ်ထိုးခိုင်းခြင်းတို့သာ ပြုလုပ်ခဲ့ကြောင်း PPNM က ပြောသည်။

PPNM က ယခုကဲ့သို့ သေဒဏ်ကျရာဇဝတ်အကျဉ်းသားများက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပေါ် ထောင်အာဏာပိုင်များ၏ အရေးယူဆောင်ရွက်မှုသည် လုံလောက်မှုမရှိကြောင်း၊ ယင်းအခြေအနေသည် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ဆက်လက်ခြိမ်းခြောက်နေကြောင်း ထောက်ပြထားသည်။

မော်လိုက်အကျဉ်းထောင်သည် ယခင်ကတည်းက အဂတိလိုက်စားမှု၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများအပေါ် ရည်ရွယ်ချက်ရှိရှိ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ကျင်စက်ဖြင့် တို့ခြင်း၊ ဖိနပ်ဖြင့် ပါးရိုက်ခြင်းစသည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အကျဉ်းထောင်တစ်ခုဖြစ်ပြီး ရာဇဝတ်အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများအကြား ပဋိပက္ခဖြစ်ပွားသည့်အခါ နိုင်ငံရေးအကျဉ်းသားများကိုသာ ပိုမိုပြင်းထန်စွာ အရေးယူအပြစ်ပေးလေ့ရှိကြောင်း မော်လိုက်အကျဉ်းထောင်မှ လွတ်မြောက်လာသူများ၏ ပြောကြားချက်များကို ကိုးကား၍ PPNM က သတင်းဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article