25.2 C
Yangon

မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ဦးဆောင်ကြိုးကိုင်သည့် စစ်အုပ်စုဆက်နွယ် ကွန်ရက်က ဒေါ်လာ ၄၈ သန်းတန် ရွှေ ၈၀၀ ကီလိုဂရမ်(ရွှေပိဿာ ၄၉၀) ရောင်းချမည့်အစီအစဉ်ကို JFM က ဖော်ထုတ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

မြန်မာစစ်တပ် အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ဦးဆောင်ကြိုးကိုင်ခဲ့သည့် စစ်အုပ်စုဆက်နွှယ် ကွန်ရက်တစ်ခုက အမေရိကန်ဒေါ်လာ ၄၈ သန်းခန့်တန်ဖိုးရှိ ရွှေ ၈၀၀ ကီလိုဂရမ်ကို ထိုင်း၊ လာအိုနှင့် ဟောင်ကောင်တို့မှတစ်ဆင့် ရောင်းချငွေကြေးခဝါချရန် ကြိုးပမ်းခဲ့သည့် အစီအစဉ်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်သည်။

JFM ၏ စုံစမ်းဖော်ထုတ်မှုအရ အဆိုပါ ရွှေခဝါချမှုအစီအစဉ်ကို မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်က ကြိုးကိုင်ညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး၊ စစ်အုပ်စုနှင့် ဆက်နွှယ်သည့် ကွန်ရက်က ရွှေ ၈၀၀ ကီလိုဂရမ်ကို လာအိုနိုင်ငံရှိ AIF Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုထံ ရောင်းချရန် စီစဉ်ခဲ့ကြောင်း ဖော်ပြထားသည်။ ငွေပေးချေမှုများကို လာအိုနိုင်ငံ၏ တစ်စိတ်တစ်ပိုင်း အစိုးရပိုင် BIC Bank Lao မှတစ်ဆင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ယင်းစုံစမ်းဖော်ထုတ်မှုသည် JFM က ရရှိထားသော စာချုပ်မူကြမ်းများ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှုစာလွှာများ (Letter of Intent) နှင့် သက်ဆိုင်သူများအကြား ကိုယ်ရေးကိုယ်တာ ဆက်သွယ်ပြောဆိုမှု မှတ်တမ်းများအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း JFM က ဆိုသည်။

စုံစမ်းတွေ့ရှိချက်များအရ မင်းအောင်လှိုင်မိသားစု၏ အနီးကပ်မိတ်ဖက်နှင့် စစ်လက်နက်ပွဲစားဖြစ်သူ ထွန်းမင်းလတ်က ထိုစဉ်က ထိုင်းလွှတ်တော်အမတ်ဖြစ်သူ ဥပကစ် ပါချာရီယန်ကွန်း (Upakit Pachariyangkun) နှင့်အတူ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ စာရွက်စာတမ်းများတွင် အပြီးသတ်ရောင်းချသူအဖြစ် ဖော်ပြထားသည့် ထိုင်းကုမ္ပဏီတစ်ခုမှတစ်ဆင့် ရွှေရောင်းချရေးကို စီစဉ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထွန်းမင်းလတ်နှင့် ဥပကစ်တို့ကြား ဆက်သွယ်ပြောဆိုမှုများတွင် ရွှေ ၂၀၀ ကီလိုဂရမ်ကို ရောင်းချပြီးဖြစ်ကြောင်း ရည်ညွှန်းပြောဆိုမှုများ ပါဝင်သော်လည်း အဆိုပါရွှေများ အမှန်တကယ် လက်ပြောင်းလက်လွှဲ ဖြစ်ခဲ့ခြင်းရှိ၊ မရှိကိုမူ JFM က သီးခြားအတည်မပြုနိုင်သေးကြောင်း သိရသည်။

AIF Group နှင့် ဆောင်ရွက်ရန် စီစဉ်ထားသည့် အဆိုပါအရောင်းအဝယ်မှာ ငွေကြေးအာမခံချက်များနှင့် လုပ်ငန်းဆောင်ရွက်မည့် အဆင့်ဆင့်အစီအစဉ်များအပေါ် သဘောထားကွဲလွဲမှုများကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ပျက်ပြယ်သွားခဲ့ကြောင်း ဖော်ပြထားသည်။

JFM က အဆိုပါအစီအစဉ် အကောင်အထည်မပေါ်ခဲ့သော်လည်း စစ်အုပ်စု၊ စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ခရိုနီများသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ဆက်လက်ပါဝင်ပတ်သက်နေပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း သတိပေးထားသည်။

JFM ၏ ယခင်စုံစမ်းဖော်ထုတ်မှုများနှင့် ယခုအစီရင်ခံစာအရ မင်းအောင်လှိုင်၊ ၎င်း၏ မိသားစုဝင်များနှင့် အနီးကပ်မိတ်ဖက်များသည် ထိုင်းနိုင်ငံရှိ အိမ်ခြံမြေဝယ်ယူမှုများအပါအဝင် ငွေကြေးခဝါချမှုနှင့် ပြည်သူပိုင်ပစ္စည်းများကို အလွဲသုံးစားပြုထုတ်ယူမှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားသည်။ ထို့ပြင် မင်းအောင်လှိုင်သည် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ရွှေသယံဇာတများကို ခေါင်းပုံဖြတ်ထုတ်ယူကာ ကိုယ်ကျိုးစီးပွားရှာဖွေလျက်ရှိကြောင်းလည်း JFM က ဆိုသည်။

JFM က စစ်အုပ်စုသည် ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် တရားမဝင်လောင်း ကစားလုပ်ငန်းများအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်၏ ဗဟိုချက်တွင် ရှိနေကြောင်း၊ အဆိုပါရာဇဝတ်လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများသည် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်လက်ငွေကြေးထောက်ပံ့ပေးနေကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် စစ်အုပ်စုနှင့် ဆက်နွှယ်သည့် ခရိုနီများ၏ ဘဏ္ဍာငွေလမ်းကြောင်း၊ စစ်လက်နက်ဝယ်ယူရေးကွန်ရက်များနှင့် လေယာဉ်ဆီထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ရန် နိုင်ငံတကာက ညှိနှိုင်းပူးပေါင်း၍ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်း၊ စစ်အုပ်စုနှင့် ၎င်းတို့၏ အပေါင်းအပါများ ကျူးလွန်နေသည့် နိုင်ငံတကာနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် အပြည့်အဝတာဝန်ခံစေရန် ဆောင်ရွက်သင့်ကြောင်း JFM က တောင်းဆိုထားသည်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ငါးနှစ်ကျော်ကြာ အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းတွင် အရပ်သားများအပေါ် ခွဲခြားမှုမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာကြောင်း ပြောသည်။

ထို့ပြင် စစ်အုပ်စုသည် ရာဇဝတ်စီးပွားရေးဂိုဏ်းတစ်ခုဖြစ်ပြီး JFM က ဖော် ထုတ်ခဲ့သည့် ယခုရွှေခဝါချရန် ကြိုးပမ်းမှုအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇ ဝတ်မှုများ တိုးပွားလာစေရန် တာဝန်ရှိကြောင်း၊ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများအနေဖြင့် စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘဲ ၎င်းတို့ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ဆောင် ရွက်သင့်ကြောင်း၊ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျ တို့အနေဖြင့်လည်း စစ်အုပ်စုနှင့် ခရိုနီများအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး တိုးချဲ့ချမှတ်သင့်ကြောင်း တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article