ရန်ကုန်၊ ဩဂုတ် ၄
အကြမ်းဖက် မင်းအောင်လှိုင်က တရားမဝင် အာဏာသိမ်းပြီး ဝန်ကြီးအဖြစ် ခန့်အပ်ထားသော သက်သက်ခိုင် ဒေါက်တာဘွဲ့ ရယူခဲ့သော WALDEN တက္ကသိုလ်မှာ ငွေကြေးလိမ်လည်ယူသော အွန်လိုင်းတက္ကသိုလ်အဖြစ် အမေရိကန်တွင် ယခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲခံထားရပြီဖြစ်သည်။
တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ခန့်အပ်ခံထားရသူ သက်သက်ခိုင် ဒေါက်တာဘွဲ့ (Ph.D) ဘွဲ့ရရှိခဲ့သော အမေရိကန် WALDEN တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရယူလိုသူ ကျောင်းသားကျောင်းသူများထံမှ မျှော်လင့်ချက် အမှားများ ပေးပြီး ငွေလှည့်ဖျားလိမ်ညာကာ အမြတ်အစွန်းရရှိရေး လုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲမှုဖြင့် ဝါရှင်တန်စီအခြေစိုက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကာကွယ်ရေး ကွန်ရက် (National Student Defense Network ) က ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု ၊ မယ်ရီလန်းပြည်နယ်အတွင်းရှိ တရားရုံးတွင် WALDEN တက္ကသိုလ်ကို တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး လူမည်း အမျိုးသမီး ကျောင်းသူများနှင့်လူနည်းစုကို လိမ်လည်လှည့်ဖျားပြီး ပညာသင်ကြားမှု မပြီးဆုံး၊ ဘွဲ့မရရှိဘဲ အကြွေးနွံ့တွင် နစ်စေမှုဖြင့် (တစ်နည်းအားဖြင့် လိမ်လည်မှု) တရားစွဲဆိုထားခြင်းဖြစ်သည်။
WALDEN တက္ကသိုလ်က ၎င်းတက္ကသိုလ်တွင်ပညာသင်ယူကြသည့် ကျောင်း သားကျောင်းသူများအနေ ဖြင့် ၁၈ လအတွင်း ဒေါက်တာဘွဲ့ရရှိမည်ဟု ဆွဲဆောင်ကြော်ငြာထားသော်လည်း လက်တွေ့တွင်မူ မလိုအပ်သော အဆင့်များ ၊ စစ်ဆေးမှုများ ဖန်တီးကာ ငွေကြေးများ တောင်းခံကြောင်း၊ ၁၈ လအတွင်း ဒေါက်တာဘွဲ့မရရှိဘဲ ကျောင်းတက်ကာလကို နှစ်ပေါင်းများစွာ ကြာသည်အထိ ကျောင်းစရိတ် အကြွေးနွံ့နစ်စေမှုများ ရှိနေကြောင်း သိရှိရသည်။
WALDEN တက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ၄၉၀၀၀ ရှိပြီး လူမည်းအမျိုးသမီး ၁၅၇၄၃ ဦး ပညာသင်ကြားလျက်ရှိသည်ဟု သိရှိရသည်။
ဝါရှင်တန်စီအခြေစိုက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကာကွယ်ရေး ကွန် ရက် (National Student Defense Network ) က WALDEN တက္ကသိုလ်သည် ကျောင်းသားကျောင်းသူများထံမှ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ကျောင်းစရိတ်များ လိမ်လည်လှည့်ဖြားတောင်းယူ အမြတ်ထုတ်သည်ဟု စွပ်စွဲပြောဆိုထားသည်။
WALDEN တက္ကသိုလ် စာသင်နှစ်များတွင် မလိုအပ်သော သင်ခန်းစာအစီ အစဉ်များထည့်သွင်းပြီး မူလ ကြော်ငြာထားသကဲ့သို့မဟုတ်ဘဲ ကျောင်း သားများကို အတင်းအကျပ် အချိန်ကြာကြာ ငွေကြေးပေး ကျောင်းတက်ခိုင်းမှုများ၊ အရည်အချင်း စစ်ဆေးမှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။
“WALDEN တက္ကသိုလ်က သူတို့ရဲ့ကိုယ်ပိုင်အမြတ်အတွက် ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေသလို ခံစားရပါတယ်။ သူတို့မှာ တာဝန်ခံမှု တာဝန်ယူမှုရှိစေချင်တယ်။ ” ဟု တရားစွဲဆိုသူကျောင်းသူတစ်ဦးက ပြောသည်။
ဝန်ကြီးအမည်ခံ သက်သက်ခိုင်အနေဖြင့်လည်း WALDEN တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရန် သုတေ သနအဆိုပြုလွှာအတွက် ၁၆ ကြိမ်မျှ ပြင်ဆင်ခဲ့ရကြောင်း ၊အလွန်ခက်ခဲစွာ ရတောင့်ရခဲ ပညာသင်ကြားခဲ့ရသည်ဟု သက်သက်ခိုင်၏ ခင်ပွန်းဖြစ်သူ အောင်ကျော်ဝင်းက လူမှုကွန်ရက်တွင် ရေးသားထား သည်။
WALDEN တက္ကသိုလ်သည် ကျောင်းသားများကို မလိုအပ်ဘဲ အဆင့်များစွာ၊ အချိန်များစွာ ကြာအောင် ဖန်တီးထားပြီး ငွေကြေးအမြတ်ထုတ်သော နည်းလမ်း ကျင့်သုံးကြောင်း New York Times သတင်းစာကြီးက ယခုနှစ် ဧပြီလတွင် ထုတ်ဖော်ရေးသားခဲ့သည်။
WALDEN တက္ကသိုလ်၏ ဝက်ဆိုဒ်သည် https://www.waldenu.edu ဖြစ်ပြီး Education for good ဟု ဆောင်ပုဒ်ဖြင့်ရပ်တည်နေသော တက္ကသိုလ်တစ်ခုဖြစ်သော်လည်း အွန်လိုင်းမှသာ စာသင်ပေး၍ အကျိုးအမြတ်အတွက် တည်ထောင်ထားသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။
Walden တက္ကသိုလ်သည် Minnesota ပြည်နယ်တွင် တည်ရှိပြီး ၁၉၇၀ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော တက္ကသိုလ်ဖြစ်သည်ဟု သိရှိရသည်။
Aljanal Carroll ဆိုသည့် အမျိုးသမီး ကျောင်းသူကို WALDEN တက္ကသိုလ်က ၁၈ လအတွင်း ဒေါက် တာ ဘွဲ့ရရှိစေရပါမည်ဟု အာမခံချက်ပေးသဖြင့် Aljanal Carroll က တက္ကသိုလ်အတန်းများကို ၂၀၁၇ နှစ်မှ စကာ အွန်လိုင်းမှ တက်ရောက်ခဲ့သည်။
တက္ကသိုလ်က ဘွဲ့ ဝယ်ယူနိုင်သော အသပြာကျောင်းတစ်ခုကဲ့သို့ပင်ပြုမူပြီး လုပ်ငန်းခွင် အတွေ့ အကြုံများအပေါ် အခြေခံ သုတေသန ပရောဂျက်များ(Capstone Project ) ဖြင့်လည်း ကျောင်းသားများကို ဒေါက်တာဘွဲ့ ယူခွင့်ပြုထားသည်။
ပုံမှန် Ph.D ဘွဲ့ရယူလိုပါက အမေရိကန်တက္ကသိုလ်များတွင် ၃ နှစ်မှ ၁၀ နှစ်အထိ ဘွဲ့ရရန် ကြာမြင့်လေ့ရှိသော်လည်း Capstone Project ခွင့်ပြုသော တက္ကသိုလ်များသည် ဒေါက်တာဘွဲ့ကို ဟန်ပြယူလိုသူ တို့ စိတ်ကြိုက်နေရာဖြစ်သည်။
Walden တက္ကသိုလ်၏ ငွေလိမ်နည်းမှာ တရားဥပဒေလည်း မချိုးဖောက်ရာရောက်စေရန် ကျောင်း သား၏ သုတေ သနပရောဂျက်ကာလကို အချိန်ဆွဲပြီး ငွေညှစ်ခြင်းဖြစ်ပြီး ဆရာများက စာတမ်းများကို ပြန်လည်ကြည့်ရှုပေးချိန်တွင် အချိန်ဆွဲသထက်ဆွဲကာ ကျောင်းတက်ကာလ သက်တမ်းကို ဆွဲဆန့်ခြင်းဖြင့် ကျောင်းသားများထံမှ မှတ်ပုံတင်ကြေး ညှစ်ယူသော တက္ကသိုလ်ဟု စွပ်စွဲခံထားရခြင်းဖြစ် သည်။
တရားစွဲသူ ရှိ၍သာ ထိုကဲ့သို့ အလိမ်အညာတက္ကသိုလ်မျိုးကို မီဒီယာများက နောက်ကြောင်းပြန်ရေးပြနိုင်ခြင်းဖြစ်ပြီး နောက်ဆုံးတွင် ထိုတက္ကသိုလ်ကို စားသုံးသူ ကာကွယ်ရေးဥပဒေ၊ နိုင်ငံသားအခွင့် အရေးဥပဒေ Title VI of the Civil Rights Act အရ တရားစွဲဆိုကြခြင်းဖြစ်သည်။
WALDEN တက္ကသိုလ်သည် တရားစွဲဆိုခံနေရပြီဖြစ်ရာ သက်သက်ခိုင်သည်လည်း တက္ကသိုလ်၏ ပစ်မှတ်ထား ငွေလိမ်လည်ခံရသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်နိုင်သည်ဟု ပြည်ပတွင် ဒေါက်တာဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့သူ မြန်မာတစ်ဦးက ဆိုသည်။
သက်သက်ခိုင်က ဒေါက်တာဘွဲ့ သုတေသန ပရောဂျက်အတွက် အဆိုပြုလွှာကို ၁၆ ကြိမ် တင်ရသည်ဆိုခြင်းမှာ မကြုံစဖူးကိစ္စဖြစ်ပြီး ပုံမှန် Ph.D ဘွဲ့များတွင် ၁၆ ကြိမ် ပရိုပိုဆယ် ပြန်တင်ရသူကို စာစစ်ပေးသည့် ပါမောက္ခရှိနိုင်မည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။
ဒေါက်တာဘွဲ့ယူမည့် ကျောင်းသူတစ်ဦးအနေနှင့် မည်မျှပင် ညံ့ဖျင်းသည့်တိုင်အောင် ၁၆ ကြိမ် အထိ ပြန်လည် အစစ်ခံရခြင်းမှာ တစ်စုံတစ်ရာအကြီး အကျယ်လွဲမှားနေပြီကို ပြဆိုနေခြင်းဖြစ်သည်ဟု ၎င်း၏ အဆိုအရ သိရှိရသည်။
အောင်ကျော်ဝင်းနှင့် သက်သက်ခိုင်တို့သည် စီးပွားရေးကျွမ်းကျင် ငွေရှာနိုင်သော်လည်း ပညာရေးအတွက် ဒေါက်တာဘွဲ့ယူရာတွင် ကျောင်းအရည်အသွေးကို မစစ်ဆေးနိုင်ခဲ့သည်အထိ ညံ့ဖျင်းလွန်းသည်ဟု ပြည်ပပညာရေးအေဂျင်စီတစ်ခုက သုံးသပ်သည်။
သက်သက်ခိုင်တက်ရောက်ခဲ့သော WALDEN တက္ကသိုလ်သည် ယခင်ကလည်း လိမ်လည်သော တက္က သိုလ်ဖြစ်ကြောင်း စွပ်စွဲခံရခြင်းများရှိခဲ့ဖူးသော် လည်း ယခုတကြိမ်မှ တရားရုံးတော်တွင် တရားစွဲဆိုခံရခြင်းဖြစ်သည်။
နယူးယောက်တိုင်းမ်၏ အဆိုအရ ကျောင်းသူ တစ်ဖနီဖဲလ်ကို တက္ကသိုလ်က ၂ နှစ်ခွဲအတွင်း Business Administration Ph.D ဘွဲ့အတွက် ဒေါ်လာလေးသောင်းခွဲမျှနှင့် ကျောင်းပြီးဆုံး ဘွဲ့ရစေရမည်ဟု အာမခံခဲ့ကြောင်း၊ သို့ရာတွင် ကျောင်းသူတစ်ဖနီဖဲလ်အနေဖြင့် ကျောင်းတက်ကာလ ၄ နှစ်ခွဲကြာခဲ့ပြီး အကြွေး ဒေါ်လာ ကိုးသောင်းနီးပါးတင်ခဲ့ရကြောင်း သိရှိရသည်။
သက်သက်ခိုင်အနေဖြင့် ၂၃ ကြိမ် ဘွဲ့ယူကျမ်းကို ပြုပြင်ခဲ့ရသည်ဆိုသော ကြောင့် ငွေကြေးကုန်ကျမှုများ၊ အလိမ် အညာများစွာဖြင့် ဘွဲ့ရရေး အလိမ်ခံခဲ့ရဖွယ် ရှိသည့် အခြေအနေမှာလည်း စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်ဟု ပြည်ပတွင် ဒေါက်တာဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့သူ မြန်မာတစ်ဦးက ဆိုသည်။

