27 C
Yangon

ဂျပန်သွားရောက် အလုပ်လုပ်ရန် အဓိကကျသည့် ဂျပန်ဘာသာစကား N4 Level စာမေးပွဲ လျှောက် လွှာရရှိရေး လူငယ် ၅၀၀၀ ကျော် အလုအယက် တန်းစီ ရုန်းရင်းဆန်ခတ်ဖြစ်၊ လျှောက် လွှာ ထုတ်ပေးသည့် တက္ကသိုလ်ဝင်းအတွင်းမှ အဆောင် မီးလောင်သဖြင့် လူငယ် ၁၀ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဩဂုတ် ၅

ဂျပန်သွားရောက် အလုပ်လုပ်ရန် အဓိကကျသည့် ဂျပန်ဘာသာစကား N4 Level စာမေးပွဲ လျှောက် လွှာရရှိရေး ယနေ့ နံနက်ပိုင်း လူငယ် ၅၀၀၀ ကျော်တန်းစီ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လျှောက်လွှာထုတ်ပေးသည့် တက္ကသိုလ်ဝင်းအတွင်းမှ အဆောင်မီးလောင်သဖြင့် လူငယ် ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ ကြောင်း လျှောက်လွှာ တန်းစီခဲ့သည့် လူငယ်များထံမှ သိရှိရသည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ဂိတ် ၄ တွင် သြဂုတ် ၅ရက်၊ နံနက် ၄နာရီခန့်မှစပြီး JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် N4 Level ‌လျှောက်လွှာများ ရရှိရေး လူငယ် ၅၀၀၀ ကျော်က အလုအယက်တန်းစီ ခဲ့ကြကြောင်း၊ လူအလွန်များ ပြားသည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် လျှောက်လွှာ ရောင်းချ ခြင်းကို ရပ်ဆိုင်းကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ကြေညာခဲ့ရာ လူငယ်များ ဒေါသထွက်ကြကြောင်း၊ လျှောက်လွှာ မရောင်းတော့ဟု ကြေညာပြီးနောက် ရန်ကုန်ပညာရေးတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူငယ် ၁၀ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“JLPT Level N4 လျှောက်လွှာရဖို့ လူငယ်တွေက ကာဖျူးတောင်မမှုဘဲ မနက် ၁ နာရီကတည်းက တန်းစီနေတာ။ မနက် ၄ နာရီ မှာ လူ ၅၀၀၀ ကျော်နေပြီ။ အဲဒါ ရုန်းရင်းဆန်ခတ်တွေဖြစ်တော့ လျောက်လွှာပိတ်လိုက်ပြီ၊ အွန်လိုင်းကပဲ လက်ခံတော့မယ် ကြေညာတယ်။ အဲဒါ ကျောင်းတံခါးတွေကို ရိုက်ချိုးကြတယ်။ လူငယ်တွေက ဒေါသထွက်ကုန်တာ။ နောက်တော့ ကျောင်းဝင်းထဲမီးလောင်တယ်။ အဲဒါ ကျောင်းဝင်းထဲ လူငယ် ၁၀ ဦးကျော်ကို စစ်တပ်က ရိုက်နှက်ဖမ်းသွားတယ်” ဟု လျှောက်လွှာတန်းစီခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။

ဂျပန်ဘာသာ N4 Level စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး လက်မှတ်ရရှိပါက ဂျပန် နိုင်ငံသွားရောက် အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းများသဖြင့် လူငယ်အများအပြားက N4 Level စာမေးပွဲ ဖြေဆိုလိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမှာက ဘာအနာဂတ်မှ မရှိတော့ဘူး။ ဘ၀တွေက မအလ ကြောင့် သေကုန်ပြီ။ စျေးတွေကလည်း တစ်နေ့တစ်ခြား တက်နေတာ။ ဘ၀တွေက ရှင်လျက်နဲ့သေကုန်ပြီ။ အဲဒါကြောင့် နိုင်ငံခြားထွက်ဖို့ပဲ လုပ်တာ။ ဂျပန်မရရင်တော့ စင်ကာပူ၊ မလေးရှား၊ အနိမ့်ဆုံးထိုင်းတော့ ထွက်မယ်စဉ်းစားတယ်” ဟု လူငယ်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ-ယနေ့ နံနက် ၄ နာရီ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် N4 Level ဂျပန်ဘာသာစာမေးပွဲ ဖြေဆိုရေး လျှောက်လွှာ ရယူရန် တန်းစီနေကြသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article