26 C
Yangon

ထားဝယ်မြို့နေ ဦးစိုးမြင့်ကို စစ်တပ်က ဖမ်းဆီးပြီး ၂၄ နာရီ မပြည့်မီ သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်၊ ကလေးမြို့၊ သာယာကုန်းရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ သြဂုတ် ၅

တနင်္သာရီတိုင်း ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်တွင် နေထိုင်သော ဦးစိုးမြင့်ကို အကြမ်းဖက် စစ်တပ်က သြဂုတ် ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဖမ်းဆီးသွားပြီး ၂၄ နာရီ မပြည့်မီ သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ထားခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ် ဖြစ်သည့် Dawei Information Center ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သြဂုတ် ၅ ရက် နံနက် အစောပိုင်းတွင် သပြေချောင်းရွာ အနီး၌ မျက်နှာကို အဝတ်ဖြင့် စည်းထားပြီး သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော ဦးစိုးမြင့် ရုပ်အလောင်းကို လမ်းသွားလမ်းလာ ပြည်သူများမှ မြင်တွေ့ခဲ့ပြီး ထားဝယ် ဆေးရုံမှ သေဆုံးသူ၏ ရုပ်အလောင်းကို မိသားစုဝင်များအား လာရောက် ယူဆောင်ရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော ဦးစိုးမြင့်သည် သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ် ရွာသားဖြစ်ပြီး မိသားစုနှင့်အတူ ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်တွင်နေထိုင်ကာ သာမန် ပြည်သူတစ်ဦးသာ ဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့ သာယာကုန်းရွာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ယနေ့ သြဂုတ်လ ၅ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ဒေသခံ ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း CDF-Kalay Kabaw Gangaw တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် သာယာကုန်းကျေးရွာသား ပြည်သူ ၅၀ ခန့်ကိုလည်း ဖမ်းဆီးထားပြီး ပြည်သူပိုင် နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးမှုများပါ ပြုလုပ်ခဲ့​ပြီး နေအိမ် ၅ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Photo – ထားဝယ်မြို့တွင် စစ်တပ်က ဖမ်းဆီးပြီး ၂၄ နာရီ မပြည့်မီ သတ်ဖြတ်ခံရသော ဦးစိုးမြင့်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article