30 C
Yangon

ဥဇဘက်ကစ္စတန်မှ ငွေစက္ကူကုန်ကြမ်းတန်ချိန်များစွာ တင်ဆောင်လာသော အီရန် SAHA လေကြောင်းလိုင်းမှ B742 ကုန်တင်လေယာဉ် နေပြည်တော်သို့ မကြာမီဆိုက်ရောက်မည်

Must read

ရန်ကုန်၊ ဩဂုတ် ၅

အကြမ်းဖက်စစ်ကောင်စီက မြန်မာကျပ်ငွေစက္ကူများကို အကန့်အသတ်မဲ့ ရိုက် နှိပ် ထုတ်ဝေလျက်ရှိရာ ယနေ့တွင် ဥဇဘက်ကစ္စတန်မှ ငွေစက္ကူကုန်ကြမ်းတန်ချိန် များစွာတင်ဆောင်လာသော အီရန် SAHA လေကြောင်းလိုင်းမှ ကုန်တင် B742 (Boeing 747-2J9F) လေယာဉ်သည် နေပြည်တော်သို့ ပျံသန်းလာနေပြီး မကြာမီ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်း ဥဇဘက်ကစ္စတန် နိုင်ငံ၊ Islam Karimov Tashkent အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာသော အီရန် SAHA လေကြောင်းလိုင်းပိုင် B742(Boeing 747-2J9F) ကုန်တင်လေယာဉ်သည် လေယာဉ်ခရီးအမှတ် IRZ8235 အဖြစ် UTTT-VYNT(ဥဇဘက်ကစ္စတန်-နေပြည်တော်) သို့ ပျံသန်း လာနေခြင်းဖြစ်ကြောင်း၊ ယနေ့ ညနေတွင် ဆိုက် ရောက်မည်ဖြစ်ပြီး ငွေစက္ကူ ကုန်ကြမ်းတန်ချိန် ၁၀၀ ကျော်ချထားပေးပြီးနောက် ပြန်လည် ထွက်ခွာ မည်ဖြစ်ကြောင်း သိရှိရသည်။

အီရန် SAHA လေကြောင်းလိုင်းပိုင် B742 (Boeing 747-2J9F) ကုန်တင်လေယာဉ်သည် အီရန်နိုင်ငံ တီဟီရန်မြို့ရှိ Mehrabad အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဥဇဘက်ကစ္စတန်သို့ ဩဂုတ်လ ၄ ရက်နေ့တွင် ရောက်ရှိပြီး နေ ပြည်တော်သို့ ပို့ဆောင်မည့် ငွေစက္ကူကုန်ကြမ်းများ ကို တင်ဆောင်ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၅ ရက်နေ့ ဥဇဘက်ကစ္စတန်စံတော်ချိန် နံနက် ၀၀ နာရီ ၃၀ မိနစ် ငွေစက္ကူကုန်ကြမ်းများ တင်ဆောင်ကာ နေပြည်တော်သို့ ပျံသန်းလာခြင်းဖြစ်သည်ဟု သိရှိရသည်။

မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် အီရန် SAHA လေကြောင်းလိုင်းပိုင် B742 (Boeing 747-2J9F) ကုန်တင်လေယာဉ်၊ လေယာဉ်ခရီးအမှတ် IRZ8235သည် အမြင့်ပေ ၃၄၉၅၀ ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်ကို ဖြတ်သန်းနေပြီး များမကြာမီ နေပြည် တော်သို့ ဆိုက်ရောက်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျာမနီကုမ္ပဏီ Giesecke Devrient က မြန်မာငွေစက္ကူ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အားလုံးကို စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ယင်းနောက်ပိုင်း စစ်တပ်က ငွေစက္ကူ ကုန်ကြမ်းများနှင့် ငွေစက္ကူမင်များကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့စတင်ပြီး လက် လှမ်းမီရာ နီးစပ်ရာနိုင်ငံများမှ တောက်လျှောက်ဆိုသလို တင်သွင်းနေခြင်းဖြစ်ပြီး ဥဇဘက်ကစ္စတန်မှ ငွေ စက္ကူကုန်ကြမ်းများကို ဆက်တိုက်ဆိုသလို တန်ချိန် ပေါင်းများစွာ တင်သွင်းနေခြင်းဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ငွေစက္ကူကုန်ကြမ်းတင်သွင်းမှုပေါင်း အကြိမ် ၂၀ နီးပါးရှိနေပြီဖြစ်ပြီး တန်ချိန်အားဖြင့်လည်း ထောင်ချီ တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အီရန် SAHA လေကြောင်းလိုင်းပိုင် B747 (Boeing 747-2J9F) ကုန်တင်လေယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article