ရန်ကုန်၊ ဩဂုတ် ၁၅
ရန်ကုန်ခေတ်သစ်သတင်းဌာနက အိန္ဒိယအစိုးရထံ ၀ဏ္ဏမောင်လွင် ဆက်သွယ်သည့် လျှို့ဝှက်စာ၊ မွေးမြူရေး ဒုဝန်ကြီး၏ နေပြည်တော်ခရီးစဉ် လျှို့ဝှက်စာနှင့် ဝမ်းတွင်းတွင် စစ်သားများ မိုင်းဆွဲခံရမှု လျှို့ဝှက် ကြေးနန်းစာ ဖော်ပြခဲ့ရာ အဆိုပါ ဝန်ကြီးဌာန ကြေးနန်းစာများ ပေါက်ကြားမှုအတွက် ဝန်ထမ်း ၁၀၀ နီးပါး ဖမ်းဆီး စစ်ဆေးခံနေရ ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့တွင် အာဏာသိမ်းမှုကြောင့် အိန္ဒိယသို့ ထွက်ပြေးသူများကို ဖမ်းဆီးနိုင်ရေး စစ်ကောင်စီ က လျှို့ဝှက် ကြိုးပမ်းနေသည့် အိန္ဒိယ အစိုးရထံ ၀ဏ္ဏမောင်လွင်က ဆက်သွယ်သည့် လျှို့ဝှက်စာကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
“အိန္ဒိယဘက်ကို နိုင်ငံခြားရေးက စာပို့တာ ပေါက်ကြားလို့ နိုင်ငံခြားရေးဘက်မှာ ဝန်ထမ်း ၃၀ လောက် အမေးခံရတယ်။ ဘယ်လို ဒီစာပေါက်လဲဆိုတာ။ နောက်ပြီး နယူးဒေလီမှာရှိတဲ့သံရုံးလည်း မေးခံရတယ်။ ဖမ်းတာမျိုးတော့ မဟုတ်သေးဘူး။ အစစ်ခံရတာ” ဟု ရန်ကုန်ခေတ်သစ်၏ နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။
အလားတူ ဩဂုတ်လ ၁၃ ရက်နေ့တွင် ဆည်မြောင်းနှင့်မွေးမြူရေး ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက နေပြည်တော်- ပျဉ်းမနား-လယ်ဝေး နေ့ချင်းပြန် ခရီးစဉ်အတွက် လုံခြုံရေးတောင်းခံသည့် လျှို့ဝှက်စာကို ဖော်ပြခဲ့ရာ ဝန်ကြီးဌာန ၂ ခုမှ အနည်းဆုံး ဝန်ထမ်း ၄၀ နီးပါး မေးမြန်းစစ်ဆေးခံနေရသည်ဟု သိရှိရသည်။
“လုံခြုံရေးတောင်းတဲ့ စာတောင် ပေါက်ရလား။ ဘာကြောင့် ဒီလောက်ကြီးအထိ ဖြစ်ရလဲဆိုပြီး ပြည်ထဲရေးနဲ့ ဆည်မြောင်း/မွေးမြူရေး ဝန်ကြီးဌာန ၂ ခုလုံးမှာ အကုန် ခေါ်စစ်တယ်။ ဖုန်းတွေကို အဓိက စစ်တယ်။ သိမ်းတယ်။ လူတွေကိုတော့ လိုအပ်မှ ခေါ်မေးတယ်။ အဓိက ဖုန်းတွေအားလုံး သိမ်းသွားတယ်” ဟု ရန်ကုန်ခေတ်သစ်၏ နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဩဂုတ်လ ၁၃ ရက်နေ့ ဝမ်းတွင်းမြို့နယ်တွင် စစ်ကား ၁ စီး မိုင်းဆွဲခံရမှုကြောင့် စစ်သားများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ လျှို့ဝှက်ကြေးနန်းစာကို ရန်ကုန်ခေတ်သစ်က ဖော်ပြခဲ့ရာ ယင်းသို့ ကြေးနန်းစာ ပေါက်ကြားမှုအတွက် ဝမ်းတွင်းမြို့နယ်ရှိ ဝန်ထမ်း ၂၀ ထက်မနည်း အဖမ်းခံထားရကြောင်း သိရှိသည်။
“ဝမ်းတွင်းမှာတော့ စစ်ကား မိုင်းဆွဲခံရတဲ့ ကြေးနန်းစာပေါက်လို့ မြို့နယ် ပြန်/ဆက် ဝန်ထမ်းတွေ၊ ရဲစခန်းမှာရှိတွေ ရဲတွေ၊ ထွေ/အုပ်ရုံးမှာရှိတဲ့ ဝန်ထမ်းတွေ ၂၀ ကျော်တယ်။ အဖမ်းခံထားရတာ။ ဖုန်းတွေသိမ်းပြီးစစ်တယ်။ ပြီးတော့ သူတို့ဆက်သွယ်လာမယ့် ဖုန်းတွေကို စောင့်ကြည့်တာပေါ့။ လောလောဆယ်တော့ တစ်ဦးတစ်ယောက်ဆီကမှ ခေတ်သစ်ကို သတင်းပို့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးပြောပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် မင်းအောင်လှိုင်၏အစည်းအဝေး လျှို့ဝှက် ပြောဆိုချက်၊ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် လျှို့ဝှက် အစည်းအဝေး ပြောဆိုချက် ၊ မကွေးတိုင်း စစ်ကောင်စီ အစည်းအဝေး အသံဖိုင် အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်သည့် လျှို့ဝှက် အမိန့်စာ၊ အခြေအနေများကို မကြာခဏ ဆိုသလို ဖော်ထုတ်တင်နေပြသဖြင့် စစ်ကောင်စီက ဖရဲသီး နှိမ်နင်းရေးဆိုသော စီမံချက်ဖြင့် သတင်းပေးများကို ဖော်ထုတ် ဖမ်းဆီးမှုများ လုပ်ဆောင် နေကြောင်း၊ သို့ရာတွင် လက်ရှိအချိန် ရမ်းသမ်းဖမ်းဆီးမှုများသာရှိပြီး ခေတ်သစ်သတင်းဌာန၏ သတင်းရင်းမြစ်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။