ရန်ကုန်၊ ဩဂုတ် ၁၅
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတွင် ယနေ့ နံနက်ပိုင်း စစ်တပ်နှင့် KNU တပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး အပြန်အလှန်ပစ်ခတ်သံများကြားရခြင်းဖြစ်ပြီး ယခု နံနက် ၁၁ နာရီခွဲကျော်သည်အထိ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“အခု တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားဇီးဖိုမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ လက်နှက်ကြီးအလုံး ၂၀ ကျော် ပစ်ခတ်သံဆက်တိုက်ကြားရတယ်။ မနက် ၉ နာရီကတည်းက စဖြစ်နေတာ။ အခု ၂ နာရီကျော်ပြီ ။ ပစ်သံတွေ ကြားနေရတုန်းပဲ။ တိုက်ပွဲပြင်းထန်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတိုက်ပွဲများကြောင့် ဇရပ်ကြီးမြို့ ပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး တချို့မှာ ယခင် တိုက်ပွဲများ ဖြစ်ပွားချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်မှုများရှိ ကြောင်း သိရှိရသည်။