30 C
Yangon

ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် အင်ပင်ထီးကျေးရွာရှိ ပျူစာထီးစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ၄ ကြိမ် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦး ထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် အင်ပင်ထီးကျေးရွာရှိ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံးကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဩဂုတ်လ ၁၃ ရက် နေ့လယ် ၁ နာရီတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့၊ Black God ပြောက်ကျားတပ်ဖွဲ့၊ ထိရှ Local ပြောက်ကျားတပ်ဖွဲ့၊ နပတ တပ်ရင်း ၇၁၀ တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ ဒဏ်ရာရခဲ့သည့် ၂ ဦးမှာလည်း ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

“ပုလဲမြို့ပေါ်အထိ ဝင်စီးပြီး ပစ်ခတ်တာ ၃ ကောင်က နေရာမှာပဲ သေတယ်၊ နောက်ထပ် ၂ ကောင်က ဆေးရုံမှာ ထပ်သေတယ်” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ အင်ပင်ထီးကျေးရွာရှိ ပျူစောထီးစခန်းကို ဩဂုတ်လ ၁၄ ရက် နံနက်နှင့် ညနေတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး အများအပြားသေဆုံးကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပူးပေါင်းတပ်ဖွဲ့များက အင်မထီးကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ကျေးရွာတွင်း စီးနင်းနိုင်ခဲ့သော်လည်း ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော ပျူစောထီးစခန်းမှာ ဘန်ကာများ၊ ကတုပ်ကျင်းများ အခိုင်အမာ တည်ဆောက်ထားသဖြင့် အပြန်အလှန်ပစ်ခတ်မှု ၃ နာရီကျော်ကြာမြင့်သော်လည်း စခန်းကို မသိမ်းနိုင်ဘဲ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

ဓါတ်ပုံ – ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက် တိုက်ခိုက်စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article