ရန်ကုန်၊ ဩဂုတ် ၁၇
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာနှင့်တောင်ဥက္ကလာပ အစပ် သံသုမာလမ်းနှင့် ဂန္ဓာမာလမ်းထောင့်ရှိ ခြေမြန်တပ်ရင်း ၄၃၅ တပ်ရှေ့ဂိတ်ရှိ လုံခြုံရေး ဘန်ကာ ဂိတ်ကို ယနေ့ ညပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်သည်။
ဩဂုတ်လ ၁၇ ရက်နေ့ ည ၇နာရီ ၂၀မိနစ် ခန့်အချိန် မြောက်ဥက္ကလာပနှင့် တောင် ဥက္ကလာပ အစပ် သံသုမာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ခမရ ၄၃၅ တပ်ရှေ့ဂိတ် ဘန်ကာကို စစ်ကောင်စီတပ်သား တချို့ရှိနေချိန် URF ( United Resistance Force )နှင့် DRF ( Divine Ranger Force)တို့မှ ပူးပေါင်းဗုံးခွဲတိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မရှိရသေးသော်လည်း တော်လှန်ရေး ရဲဘော်များအနေဖြင့် ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အလားတူ ဩဂုတ်လ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ထမလုံကျေးရွာတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
Thanlyin Scout Channel ကမူ ထမလုံကျေးရွာ ဘိုးဘွားရိပ်သာဘေးလမ်းရှိ စစ်တပ်သတင်းပေး ဒလန်အိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြော်ငး၊ ယနေ့ည ၈နာရီခွဲခန့်ကဗုံးတစ်လုံးစတင်ပေါက်ကွဲခဲ့ပြီး ၁၅မိနစ်ခန့်အကြာ နောက်ထပ်တစ်လုံး ထပ် မံပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ ခမရ ၄၃၅ တပ်ရင်းဂိတ်။