32 C
Yangon

ပလက်ဝနှင့် မောင်တောတွင် AA နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ တပ်စခန်းများမှ ဆုတ်ခွာ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ယခုရက်ပိုင်းများတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး ယင်းမြို့နယ်အတွင်းတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများတွင် ရိက္ခာများပြတ်လပ်ကာ စခန်းမှ ဆုတ်ခွါသွားကြကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းများတွင် ဖြစ်ပွါးခဲ့သည့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်တပ်စခန်းများ အခြေချနေထိုင်သည့် နေရာများသို့ AA တပ်ဖွဲ့ဝင်များ လာရောက်တိုက်ခိုက်မှုများ ရှိခဲ့ပြီးနောက် စခန်းများကို စွန့်ခွါမှုများရှိကြောင်း ဒေသခံများကပြောသည်။

အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက”ကျနော်တို့ရွာက ရွာသားတွေကို စစ်ကောင်စီက ရိက္ခာတွေ ပို့ခိုင်းတာတွေရှိတယ်။ ဖုန်းဆက်ပြီးတော့ အတင်းဓမ္မ မပို့မနေရ ပို့ခိုင်းတယ်။ ရိက္ခာတွေ ပို့တာတော့ ပိုက်ဆံတွေတော့ ပေးတယ်။ အဲ့ဒီမှာ AA က စခန်းတွေ ဖြတ်တိုက်တာတွေရှိတယ်။ အခုနောက်ပိုင်း ဖုန်းလည်းမဆက်တော့ဘူး။ တစ်ယောက်မှ မပို့ကြတော့ဘူး။ တစ်ပတ်ကျော်လောက်ရှိပြီ။ ရိက္ခာမပို့ကြတာ။ အခုနောက်ပိုင်းသူတို့လည်း မရှိကြတော့ဘူးလို့ပြောတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ရခိုင်ဒေသအတွင်း ၃ နေရာနှင့် ပလက်ဝဒေသအတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတို့၌ တိုက်ပွဲများ ပြင်းထန်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း AA က ဩဂုတ် ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၇၀ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မိုးဇော်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အနီးတိုက်ပွဲတွင် ရသေ့တောင် အခြေစိုက် ခမရ (၅၃၇) ယာယီတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး၊ ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ ဖက် တိုက်ပွဲတွင် ဒကစ(စစ်တွေလက်အောက်ခံ) ခလရ ၂၀ ဗိုလ်မှူး ၁ဦးတို့ သေဆုံးခဲ့သည်။

မီးတိုက်ကျေးရွာဒေသခံတစ်ဦးက”မောင်တောမှာဆိုရင် စခန်း ၆ ခုလောက်ထပ်မံဆုတ်ခွါသွားတယ်။ အဲ့ဒီမှာတပ်စခန်းတစ်ခုမှာ စစ်ကောင်စီ တပ်သား ရာချီအထိုင်ချထားရှိတယ်။ နယ်ခြားစောင့်တွေလည်း ပါတာပေါ့။ အခုက ဆုတ်ခွါသွားတာ ၄ ရက်လောက်တော့ရှိပြီ။ အဓိကတော့ ရိက္ခာတွေ ပိတ်ဆို့ခံရတာ။ အဲ့ကြောင့် သူတို့ ထွက်ပြေးကြတာနေမှာ။ AA ဖက်ကလည်း တပ်မဟာလိုက် တိုးလာနေတာတွေရှိတယ်”ဟုပြောသည်။

ပြီးခဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွါးခဲ့သည် ပလက်မြို့နယ် သူဌေးကုန်းကျေးရွာအနီးမြောက်ဖက်တွင် သြဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့မှာလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ သြဂုတ်လ ၂၂ ရက် နံနက်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ရေးတင်းမာနေသည့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း ၇ခု ဆုတ်ခွါသွားကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် ပြုလုပ်သည့် ရက္ခိုင့်တပ်တော် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုခဲ့သည်။

ချင်းပြည်နယ် ပလက်ဝ အထက်ဖက်တွင်ရှိသည့် စစ်ကောင်စီ တပ်တပ်စခန်းများကိုလည်း ရက္ခိုင့်တပ်တော် AA က ပိတ်ဆို့ထားလိုက်ပြီး စခန်းအချို့ကိုလည်း ဝင်ရောက်စီးနင်းလိုက်ကြောင်း AA ၏ စစ်ဖက်ဆိုင်ရာ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“ပလက်ဝဖက်မှာ AA က ပိတ်ဆို့ ဝိုင်းထားတာတွေရှိတယ်။ ၂၈၉ တပ်ရင်းကို ဝိုင်းထားတာပေါ့။ ပြီးခဲ့တဲ့နှစ်က ဝိုင်းထားသလိုမျိုး အကုန်ဝိုင်းထားကြတယ်။ အဲ့ဒီမှာ တပ်မ ၁၁ ဆိုတာလည်းရှိတယ်။ ၅၅ ကလည်း အင်အားဖြည့်လာတာတွေရှိတယ်။ ပလက်ဝအထက်ဖက်ဆိုရင် စစ်ကောင်စီဖက်က မသွားနိုင်တော့ဘူး။ ကလက်ချောင်းဖက်တွေ ရိက္ခာပြတ်ပြီး ပြန်လည်ဆုပ်ခွါနေတာတွေရှိတယ်။ အောက်က ရိက္ခာတွေကိုလည်း အပေါ်ကို တင်လို့မရတော့ဘူး။ ပလက်ဝ ကျီးလေအောက်ကနေ ဖြတ်တောက်လိုက်တယ်”ဟုပြောသည်။

ပလက်ဝ မြို့နယ် နှုံးဗူးဗျူးဟာနှင့် တရွာအိုင်းဖက်မှာရှိသည့် စစ်ကောင်စီတပ်စခန်းများလည်း အားလုံးကို ဆုပ်ခွါကြပြီး ၂၈၉ တပ်ရင်းနှင့် ၅၅ တပ်မတို့လည်း အဆိုပါနေရာများ တက်ရောက်နိုင်ခြင်းမရှိဘဲ ရိက္ခာများနှင့် စစ်စခန်းများအား AA က သိမ်းပိုက်ခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

သြဂုတ် ၁၈ ရက်နေ့မှစတင်၍ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းများကို စစ်ကောင်စီဖက်ပိုင် ဇက်ရေယာဉ်ပြေးဆွဲနေသော်လည်း ပုဂ္ဂလိကပိုင်စက်လှေများမှာမူ ပြေးဆွဲခွင့်ကန့်သတ်ခံထားရဆဲဖြစ်ပြီး ဒေသတွင်း ဆန်နှင့် စက်သုံးဆီများ ပြတ်တောက်နေသည့် အခြေနေနှင့် ကြုံနေကြရသည်။

(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article