ရန်ကုန်၊ ဩဂုတ် ၂၃
ယူကေအခြေစိုက် ဘဏ်နဲ့ဘဏ္ဍာရေးဆိုင်ရာ မီဒီယာကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်တဲ့ Euromoney က အကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်တဲ့ United Amara Bank (UAB) ကို မြန်မာနိုင်ငံရဲ့ “အကောင်းဆုံးဘဏ်” အဖြစ် ရွေးချယ်ခဲ့တယ်လို့ Justice for Myanamr အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
UAB ဘဏ်ဟာ ခရိုနီးစီးပွားရေးလုပ်ငန်းစုကြီး IGE Group of Companies နဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတာပါ။ IGE ကုမ္ပဏီကို သဘောထား တင်းမာသူအဖြစ် နံမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စစ်ခေါင်းဆောင် အောင်သောင်းရဲ့ သား နေအောင်က ပိုင်ဆိုင်ပါတယ်။ သူဟာ ကာကွယ်ရေးဦးစီးချုပ် (ရေ) မိုးအောင်ရဲ့ အစ်ကိုဖြစ်သူလည်း ဖြစ်ပါတယ်။
အဲ့ဒီလုပ်ငန်းစုကြီးရဲ့ အဓိကကုမ္ပဏီတစ်ခုဖြစ်တဲ့ International Group of Entrepreneur Co. Ltd. ကို အီးယူက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပါတယ်။
အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုပြဌာန်းချက်မှာ “ IGE ဟာ ၂၀၁၇ ခုနှစ်တုန်းက လုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် “နယ်မြေရှင်းလင်းစစ်ဆင်ရေး” တွေမှာ မြန်မာစစ်တပ် ကို ဘဏ္ဍာရေးအကူအညီတွေပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ IGE ဟာ မြန်မာစစ်တပ်ကို သွယ်ဝိုက်ပြီး ငွေကြေးအကူအညီတွေ ပေးအပ်ခဲ့ပြီး၊ အဲဒီကတဆင့် မြန်မာစစ်တပ်ဆီက အကျိုးအမြတ်တွေ ပြန်ရနေတယ်“ လို့ ဖော်ပြခဲ့ပါတယ်။
Wikileaks က ဖော်ထုတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အမေရိကန်ပြည်ထောင်စုသံရုံး ကြေးနန်းမှာ နေအောင်နဲ့ သူရဲ့ နောက်ညီတစ်ဦးဖြစ်တဲ့ ပြည်အောင်တို့ကို “ခရိုနီလက်သစ်” တွေအဖြစ် သုံးနှုန်းဖော်ပြခဲ့ပြီး၊ သူတို့မိသားစုဝင်တွေနဲ့ အစိုးရကြားမှာ ရှိတဲ့ နီးကပ်ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ဖော်ပြခဲ့ပါတယ်။
မြန်မာကုမ္ပဏီမှတ်ပုံတင်ဌာနရဲ့ အချက်အလက်တွေအရ နေအောင်နဲ့ ဇနီးဖြစ်သူ ခင်မိုးညွန့်တို့က ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့အထိ UAB Bank Limited ရဲ့ အဓိကပိုင်ဆိုင်သူတွေ ဖြစ်ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ ရှယ်ယာတွေကို ဟန်ပြကုမ္ပဏီနှစ်ခုဖြစ်တဲ့ မျိုးအောင်ပိုင်ဆိုင်တဲ့ Future Growth Investment Co. Ltd. နဲ့ အေးအေးဆွေပိုင်ဆိုင်တဲ့ Capital Link Investment Co. Ltd. တွေဆီ လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။
နာမည်ခံရှယ်ယာရှင်ဖြစ်တဲ့ မျိုးအောင်က စစ်တပ်ရဲ့ ဗိုလ်မှူးကြီးတစ်ဦးဖြစ်တဲ့ နေအောင်ရဲ့ ဝမ်းကွဲ ညီအစ်ကိုတစ်ဦး ဖြစ်နိုင်ချေရှိပါတယ်။ ဗိုလ်မှူးကြီးမျိုးအောင် ဟာ ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းဆီးထားတဲ့ ကျေးရွာသား ၅ ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့အတွက် စစ်ခုံရုံးတင် စစ်ဆေးခြင်းခံခဲ့ရပါတယ်။
ကော်ပိုရိတ်မှတ်တမ်းတွေအရ ဘဏ်ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ နေအောင်ဟာ ဒဏ်ခတ်ပိတ်ဆို့ မှုတွေကို ရှောင်ရှားဖို့ IGE ကုမ္ပဏီကို အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် ၄ ရက် အကြာ၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ UAB ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။
ဒါပေမဲ့လည်း UAB ဘဏ်ဟာ နှစ်ဘက်စလုံးမှာ ဆက်လက်ပါဝင်ဆဲဖြစ်နေတဲ့ ဒါရိုက်တာတွေကနေတဆင့် IGE Group နဲ့ ဆက်နွယ်နေဆဲဖြစ်တယ်။ အထင်ရှားဆုံးက IGE Group ရဲ့ စီအီးအို သန်းဝင်းဆွေက ဘဏ်ပိုင်ဆိုင်မှု ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ပြီးနောက်ပိုင်း UAB ဘဏ်ရဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
နောက်ထပ် UAB ဒါရိုက်တာတစ်ဦးဖြစ်သူ သန့်ဇင်ဟာ UAB ရဲ့ အခြေခံအဆောက်အဦးကုမ္ပဏီခွဲ Future Creator Group Construction ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှာ ဆက်လက်ရှိနေပြီး၊ ၂၀၂၂ ခုနှစ် အစောပိုင်းအထိ IGE Land ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် Euromoney ရဲ့ လက်ခွဲထုတ်ဝေရေး မဂ္ဂဇင်းတခုဖြစ်တဲ့ Asiamoney ကလည်း မြန်မာနိုင်ငံရှိ UAB ကို “အကောင်းဆုံးပြည်တွင်းဘဏ်” ၊ “သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံအုပ်ချုပ်မှု (ESG) အတွက် အကောင်းဆုံးဘဏ်” ၊ “အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် အကောင်းဆုံးဘဏ်” ဆုတွေကို ပေးအပ်ခဲ့ပါသေးတယ်။
Asiamoney ဟာ KBZ group of companies ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ခရိုနီဘဏ် KBZ ကိုလည်း CSR ဆုတစ်ခု ပေးအပ်ခဲ့ပါတယ်။ KBZ ဘဏ်ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နဲ့ ဆက်နွယ်နေပြီး၊ KBZ ရဲ့ ပရဟိတအဖွဲ့အစည်း Brighter Future Foundation က စစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ကူညီပံ့ပိုးတဲ့အနေနဲ့ မြန်မာစစ်တပ်ကို အလှူငွေအမြောက်အမြား ပေးအပ်ခဲ့တာပါ။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဖုံးကွယ်ဖို့ ကြိုးစားနေပေမယ့် မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေကနေ ဧရာမကြွယ်ဝချမ်းသာမှုတွေ တည်ဆောက်ထားပြီး၊ စစ်တပ်ရဲ့ စနစ်တကျ အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကနေ အကျိုးအမြတ်တွေရပြီး၊ စစ်ရာဇဝတ်ကောင်တွေကို ကြွယ်ဝချမ်းသာအောင် လုပ်ဆောင်ပေးနေတဲ့ စီးပွားရေးအင်ပါယာတစ်ခု ဖြစ်တဲ့ နေအောင်ရဲ့ IGE group နဲ့ UAB ဘဏ်တို့ ပတ်သက်နေကြတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပါတယ်။
“အီးယူဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကုမ္ပဏီတစ်ခုနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ ဘဏ်တစ်ခုကို Euromoney က သူတို့ရဲ့ “မြန်မာနိုင်ငံ အကောင်းဆုံးဘဏ်ဆု” ကို UAB ဘဏ်ကို ပေးအပ်ခဲ့တာဟာ ဘဏ်ရဲ့ ဂုဏ်သိက္ခာပုံရိပ်ဆိုးကို ကာကွယ်ဖျောက်ဖျက်ဖို့ ခဝါချလျှော်ဖွတ် ပေးလိုက်တာဖြစ်ပါတယ်။ ခုလို ဂုဏ်သိက္ခာပုံရိပ်ဆိုးကို ကာကွယ်လျှော်ဖွတ်ပေးတဲ့ လုပ်ရပ်ကို လက်မခံနိုင်ပါဘူး”
“စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို IGE၊ KBZ နဲ့ အခြားသောခရိုနီကုမ္ပဏီတွေက ငွေကြေးထောက်ပံ့နေတာကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်နေနိုင်ခြင်းလည်း ဖြစ်ပါတယ်”
“Euromoney နဲ့ Asiamoney တို့အနေနဲ့ တာဝန်သိသိ အရေးယူဆောင်ရွက်ရမှာဖြစ်ပြီး၊ UAB နဲ့ KBZ ဘဏ်တွေကို ပေးအပ်ထားတဲ့ ဆုတံဆိပ်တွေကို ချက်ချင်းပြန်လည်ရုပ်သိမ်းပေးရပါမယ်” လို့ ပြောကြား ခဲ့ပါတယ်။