ရန်ကုန်၊ သြဂုတ် ၂၇
ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ် (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သြဂုတ်လ ၂၆ရက်နေ့ ည ၉ နာရီ ၉ မိနစ်ခန့်၌ မြို့ပြပြောက်ကျား အဖွဲ့များက အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးကြောင်း Union Myanmar Civil Defense – UMCD အဖွဲ့ထံမှ သိရသည်။
ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် ဝေဘာဂီလမ်းမကြီးနှင့် နှင်းဆီလမ်းထောင့်ရှိ ဝေဘာဂီနယ်မြေ ရဲကင်းစခန်း အနီးတွင် တည်ရှိသော အုပ်ချုပ်ရေးမှူးရုံးဖြစ်ပြီး ရုံးအတွင်း၌ ထောက်လှမ်းရေးဟု ယူဆရသော အရပ်ဝတ်များ ရှိနေချိန်တွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဌရပ်ကွက်ရုံးမှာ မနေ့ညက ဗုံးပေါက်တာတော့ ဟုတ်တယ်။ အသံအကျယ်ကြီးပဲ ကြားလိုက်ရတယ်။ လူနာတင်ကား ဝင်သွားတာလည်း တွေ့တယ်။ ၄ ဦးသေ၊ မသေကတော့ ကျနော်တို့ မသိပါဘူး။ ” ဟု မြောက်ဥက္ကလာပဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Union Myanmar Civil Defense – UMCD အဖွဲ့နှင့် မဟာမိတ်ဖြစ်သော Rawt Malan HpyenLa – RMH (တော်လှန်ရေးရဲဘော်) တို့ ပူးပေါင်းပြီး အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက် ခွဲ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း UMCD အဖွဲ့မှ ထုတ်ပြန်ထားသည်။
ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လူနာတင်ယာဥ်များ ဝင်ထွက်သွားလာနေပြီး ဝေဘာဂီလမ်းမကြီးကို ၆ကွေ့ ဂက်စ်ဆိုင်အနီးမှ (ဌ)ရပ်ကွက်ရုံး အကျော်အထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များက လမ်းပိတ်ဆို့ထားကာ ဖြတ်သွားဖြတ်လာ ပြည်သူများကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- မြောက်ဥက္ကလာ ဌ ရပ်ကွက်ရုံး။
Photo- CJ