ရန်ကုန်၊ ဩဂုတ် ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာမှ ဦးဇော်မင်းဦးနှင့် လူငယ်တစ်ဦးကို PDF ထောက်ပံ့သည်ဟုဆိုကာ ယမန်နေ့က ဖမ်းဆီးပြီး အိမ်နှင့်ကားကိုပါ မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မှော်ပုံ ကျေးရွာ၊ လမ်းသွယ် ၁ အဆုံးမှာနေတဲ့ ဦးဇော်မင်းဦးနဲ့ ကုလားလေးကို မနေ့ညနေက စစ်တပ်က အင်အား ၃၀ နဲ့ဝင်ဖမ်းတယ်။ အိမ်နဲ့ကားကိုလည်း မီးရှို့တယ်။ ဖမ်းပြီး သိပ်မကြာဘူး။ သေနတ်သံ ၂ ချက်ကြားရတယ်။ အဲဒါကြောင့် သတ်ပစ်လိုက်ပြီလားဆိုပြီး ထင်ကြေးပေးကြတယ်။ အိမ်နဲ့ကားက တော့ ပြာကျသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် ပရဟိတအသင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးလျက်ရှိသဖြင့် ရုံးများ ပိတ်ထားရကြောင်း သိရှိရသည်။
“စေတနာမွန်အသင်းဥက္ကဌ ဦးနေဦးသာ နဲ့ ဖြူစင်မေတ္တာအသင်း ဥက္ကဌ ဦးချိုတူးတို့ကို ဩဂုတ်လ ၇ရက်နေ့ ညနေ ၆နာရီဝန်းကျင် ဖြူစင်မေတ္တာရုံးသို့ဝင်ရောက် ဖမ်းဆီးပါတယ်။ ဩဂုတ်၉ ရက်နေ့ညမှာ စေတနာမွန် အသင်းက ရုံး စာရေး ဦးနိုင်နိုင် ကို နေအိမ်မှာ ဝင်ဖမ်းပါတယ်။ ဩဂုတ်လ ၁၀ရက်နေ့ ညနေ ၇နာရီဝန်းကျင်မှာ စေတနာမွန် အသင်းကိုဝင်ရောက်ဖမ်းဆီးပါတယ်။ ဦးကျော်ဦး (ယာဉ်တာဝန်ခံ)၊ ကိုသော်ဇင်နိုင် (Ambulance ယာဉ်မောင်း)
ကိုဇွဲ ညီညီ (Ambulance ယာဉ်မောင်း)တို့ကို ဖမ်းဆီးတာပါ။ ရည်ရွယ်ချက်ရှိရှိချောက်တွန်းမှုကြောင့် ပရဟိတအဖွဲ့ဝင်တွေ၊ မြို့မိ/ဖတွေနဲ့ ဖမ်းခံရသူလက်ရှိစုစုပေါင်း ၂၀ နီးပါးရှိနေပါပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ရန်ကုန်ခေတ်သစ်က နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပရဟိတအဖွဲ့များကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးပါသနည်းဟု ဆက်သွယ်မေးမြန်းရာ PDF နှင့်ပတ်သက် ဆက်နွယ်နေသည်ဆိုသော သတင်းပေးပို့မှုများ ကြောင့် ဖမ်းဆီးသည်ဟု သိရှိရကြောင်း ထွေ/အုပ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
အလားတူ ရွှေဘိုမြို့နယ်၊ ရွှေခွန်မြေသပိတ် ခေါင်းဆောင် ဦးမောင်မောင်ထွေးကို ဇူလိုင်လ ၃၁ ရက်နေ့ တွင် စစ်တပ်က ဖမ်းဆီးပြီးနောက် မိသားစုနှင့်အဆက် အသွယ်ပြတ်နေကြောင်း၊ အခြား နောက်ဆက်တွဲ ဖမ်းဆီးမှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ဇူလိုင်လ ၃၁ ရက်နေ့ လူထုသစ္စာခံယူပွဲအပြီး ဦးမောင်မောင်ထွေးကို နေအိမ်မှာ လာဖမ်းတာပါ။ ဩဂုတ်လ ၁ ရက်နေ့မှာလည်း အခြားပါဝင်သူတစ်ဦးကို ဖမ်းတာ လူမတွေ့ လို့ အိမ်ထဲက ငွေ ၃သိန်းကျော်၄သိန်းခန့်ကိုယူသွားပြီးဆိုင်ကယ်နဲ့အခြာပစ္စည်းတချို့ကိုဖျက်ဆီးထားခဲ့ပါတယ်” ဟု ရွှေဘိုမြို့နယ်၊ ရွှေခွန်မြေသပိတ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ဓာတ်ပုံ- ဖားကန့်ရှိ ဦးဇော်မင်းဦးနှင့်လူငယ်တစ်ဦးကို ယမန်နေ့ညနေ စစ်တပ်က ဖမ်းဆီးပြီးနောက် နေအိမ်နှင့်ကားကို မီးရှို့ဖျက်ဆီးသွားစဉ်။