26.3 C
Yangon

စစ်ကောင်စီက ထုတ်ရောင်းမည်ဆိုသော ရွှေဒင်္ဂါးများ ကမ္ဘာ့ရွှေစျေးနှင့် ချိန်ညှိ၍ အမှန်တကယ် ရောင်းချပေးပါက အလုအယက်ပင် ဝယ်ယူသင့်ဟုဆို ရွှေကုန်သည်တချို့ အကြံပြု

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

အကြမ်းဖက်စစ်ကောင်စီက ထုတ်ရောင်းမည်ဟု ကြေညာသော ရွှေဒင်္ဂါးများသည် ကမ္ဘာ့ရွှေစျေးနှင့် တွက်ချက်၍ ရောင်းမည်ဆိုလျှင် ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်း ဖြင့် မြှောက်လျှင်ပင် ပြင်ပပေါက်စျေး ထက် များစွာ သက်သာမည်ဖြစ်၍ ပြည်သူများ အလုအယက်ပင်ဝယ်ယူသင့်သည်ဟု ရွှေကုန်သည်တချို့က အကြံပြု ပြောဆိုသည်။

စစ်ကောင်စီက ရွှေဒင်္ဂါးများ ထုတ်ရောင်းမည်ဟု ကြေညာခဲ့သော်လည်း လက် တွေ့တွင် ထုတ်ရောင်းနိုင်ခြင်းမရှိသေး ကြောင်း၊ အမှန်တကယ် စစ်ကောင်စီက ထုတ်ရောင်းမည်ဆိုလျှင် ပြင်ပစျေးထက် သက်သာမည်ဖြစ်၍ အလုအယက် ပင် ဝယ်ယူသင့်သည်ဟု ၎င်းက အကြံပြုသည်။

“ကမ္ဘာ့ရွှေစျေးနဲ့ သူက တွက်ရင်တောင် သတ်မှတ်ငွေလဲနှုန်း ၂၁၀၀ နဲ့ပဲ မြှောက်မှာပဲ။ အဲဒါ ဆို အများကြီး အပြင် ထက်သက်သာတယ်။ ပြည်သူတွေအတွက်က တော့ အရည်အသွေးလည်းကောင်းတယ်၊ စျေးလည်းသက်သာမယ်၊ ရွှေတစ်ကျပ် သားရရ၊ ငါးမူးသား ရရ အလုအယက်တောင် သွားဝယ်သင့်တယ်။ ရောင်းပေးသမျှ အကုန်လုံးတောင် ဝယ်ရမှာ။ ကျနော်တို့ ရွှေသမားတွေဆိုတာ ရွှေစျေးတွေ တက်လိုက်၊ ကျလိုက် ကြမ်းနေတာ မကြိုက်ဘူး။ စျေးလေး တည်ငြိမ်ပြီး အရောင်းအဝယ်လေးဖြစ်နေတာ ကျနော်တို့က ပိုကြိုက်တယ်။ များများရောင်းပေးပါစေပဲ ဆုတောင်းတယ်။ ကျနော်တို့တောင် ရရင် လိုချင်ပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ရွှေဒင်္ဂါးထုတ်ရောင်းမှုများကို ရွှေစျေးကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက်ကလည်း လုပ်ဆောင်ခဲ့ဖူးကြောင်း၊ သို့ရာတွင် ရက်ပိုင်းမျှသာ အယောင်ပြ လုပ်ပြီး ပျောက်ကွယ်သွားလေ့ ရှိကြောင်း ၎င်းက ဆိုသည်။

“သေချာသာ ရှိတာ ထုတ်ရောင်းပေး။ ပြည်သူကလည်း ဝယ်။ စျေးနှုန်းတည်ငြိမ်သွားမယ်။ သူတို့က ရှိတာသာ ထုတ်ရောင်းပေးရင် ပြည်သူကလည်း ဝယ်မှာပဲ။ စျေးကွက်တည်ငြိမ်သွားမှာ။ အဲဒါကိုတော့ အားပေးတယ်။ များများလုပ်။ စျေးသက်သက်သာသာနဲ့ ရွှေရမယ့်ကိစ္စ သဘောတူတယ်။ ပြည်သူအကျိုးရှိတယ်။ ရောင်းပေးဖို့ပဲ လိုတာ” ဟု ရန်ကုန်ရွှေကုန်သည်က ဆိုသည်။

ယနေ့ ရန်ကုန်တွင် ရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၁ သိန်းဝန်းကျင်နှင့် အမေရိကန်ဒေါ်လာမှာ ၃၆၀၀ ကျပ် ဝန်းကျင်ဖြင့် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်အာဏာရှင် သန်းရွှေလက်ထက်က ရွှေဒင်္ဂါးများ ရောင်းချမှု သတင်းစာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article