ရန်ကုန်၊ စက်တင်ဘာ ၂
ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်းအရှေ့ဘက်ကမ်း ထီရိစစ်ကောင်စီဂိတ်စခန်းမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၅ ဦးမှာ လက်ရှိတွင် အဆင်ပြေနေပြီး နေရပ်ပြန်လိုခြင်းမရှိဟု ပြောဆိုကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။
ဖယ်ခုံ PDF တပ်ရင် ၂ တပ်ဖွဲ့ဝင်များက အဆိုပါ စစ်သုံ့ပန်းများကို စက်တင်ဘာလ ၁ ရက်နေ့က သွားရောက်တွေ့ဆုံစဉ် ၎င်းတို့ ၅ ဦးမှာ ကျန်းမာရေး ကောင်းမွန်ပြီး အဆင်ပြေပြေ နေထိုင်ရသည်ကို မိသားစုကို သိစေချင်ကြောင်း၊ စိုးရိမ်ရန် မလိုကြောင်းနှင့် နေရပ်သို့ ပြန်လိုခြင်း မရှိဟု ပြောဆိုကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်သည်။
ထီရီစခန်းတွင် အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ PNO ပြည်သူ့စစ်တပ်ဖွဲ့များ အခြေစိုက်တပ်စွဲထားပြီး ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် KNDF တပ်ရင်း ၃ က မေလ ၁၂ ရက်နေ့နံနက်၌ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံးပြီး လက်နက်ချခဲ့သည့် စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့သည်။
စစ်သုံ့ပန်း ၅ ဦးမှာ စစ်သား ၂ ဦးနှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃ ဦးဖြစ်ပြီး ၎င်းတို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ထိန်းသိမ်းထားခဲ့ကြောင်း သိရှိရသည်။