ရန်ကုန်၊ စက်တင်ဘာ ၃
စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ CDM ဝင်လာမည့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့သားကောင်းစီမံကိန်းက ဂုဏ်ပြုငွေများ ထပ်ဆင့် ချီမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်ပြီး ပြည်သူ့ဘက်ကို အလုံးအရင်းနဲ့ ကူးပြောင်းလာဖို့ ရည်ရွယ်ပါတယ်။ လက်နက်ခဲယမ်းပါရင် ယူဆောင်လာတဲ့ လက်နက်ပေါ်မူတည်ပြီးတော့ ၁၀ သိန်းကနေ သိန်း ၂၀ အထိ ချီးမြှင့်သွားမှာပါ၊ လက်နက်မပါရင် ၃ သိန်းကနေ ၅ သိန်းအထိ ချီးမြှင့်သွားမှာပါ” ဟု ပြည်သူ့သားကောင်း စီမံကိန်း အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
CDM စစ်သားနှင့် ရဲများကို ဒေသအသီးသီးရှိ သက်ဆိုင်ရာ ERO များ၊ PDF များ၊ LDF များက ဆုကြေးငွေ ချီးမြှင့်ခဲ့ပြီး ယခုတွင် နောက်ထပ်ဝင်လာမည့် CDM သမားများကို ပြည်သူ့သားကောင်း က ထပ်ဆင့် ချီးမြှင့်သွားမည်ဖြစ်သည်။
“တကယ်တော့ CDM စစ်သားတစ်ယောက်ရဲ့ ပေးဆပ်မှုနဲ့ ပြန်လည်ချီးမြှင့်ခံရမှုက ဘာမှ ပြောပလောက်စရာမရရှိပါဘူး။ စစ်ကောင်စီလက်အောက်က စစ်သားတစ်ယောက် ကိုင်ထားတဲ့ သေနတ် ၁ လက်က အပြစ်မဲ့ ပြည်သူ ၁ ယောက်ကနေ အယောက် ၁၀၀ ရဲ့ အသက်ကိုလည်း နုတ်ယူသွားနိုင်တယ်၊ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်တဲ့အနေနဲ့ ဘာမှ မပြောပလောက်တဲ့ ငွေကြေးနဲ့ ချီးမြှင့်တာပါ၊ သူတို့အတွက် ထောက်ပံ့မှုတွေ တာဝန်ယူမှုတွေ ရှိမှာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး ထွက်လာမှာဖြစ်တယ်၊ အကြမ်းဖက်စစ်တပ် အင်အားချိနဲ့ရင် တော်လှန်ရေးက မြန်မြန်အဆုံးသတ်မှာ ဖြစ်တယ်၊ ဒါကြောင့် ထပ်ဆင့် ထောက်ပံ့ရခြင်းဖြစ်ပါတယ်” ဟု ပြည်သူ့သားကောင်း အဖွဲ့ဝင်က ဆက်ပြောသည်။
CDM ဝင်လာမည့်သူများ၏ အချက်အလက်များကို စနစ်တကျ သိမ်းဆည်းထားမည်ဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နောက်ပိုင်း CDM ပြုလုပ်လာသူ မှန်သမျှ ထပ်ဆင့် ဂုဏ်ပြုငွေ ချီးမြှင့်ခံရမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့သားကောင်း စီမံကိန်းကို အောက်ပါ့လင့်ခ်မှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
