27 C
Yangon

ကညွတ်ကွင်းတွင် မီတာခ မဆောင်မှုဖြင့် ဆင်းရဲ နွမ်းပါးသူ ဦးကျင်ရွှေကို ဒုရဲအုပ်ဌေးလှိုင်က လက် ထိပ်ခတ်ပြီး စခန်းတွင် သေနတ်ဖြင့် ပစ်ခတ်၊ ကလေးငယ် မောင်စိုးသူရထွန်းကိုလည်း ရဲက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်၍ ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

ပဲခူးတိုင်း၊ ဖြိူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ စျေးတန်းဟောင်းရပ်ကွက်တွင် လျှပ်စစ်မီတာမဆောင်သည့်အတွက်ဟုဆိုကာ ဒုရဲအုပ် ဌေးလှိုင်က ဦးကျင်ရွှေ ဆိုသည့် ပြည်သူ ၁ ဦးကို လက်ထိပ်ခတ် ဖမ်းခေါ်ပြီး ရဲစခန်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ဦးကျင်ရွှေ၏ တူဖြစ်သူ မောင်စိုးသူရထွန်းကိုလည်း သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၃ မိနစ်အချိန် ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ စျေးတန်းဟောင်းရပ်ကွက်မှ ဦးကျင်ရွှေ၏ နေအိမ်ကို မီတာခမဆောင်၍ မီတာ လာဖြုတ်ရာ မီတာစာရေးနှင့် ဦးကျင်ရွှေ စကားများကြကြောင်း၊ မီတာစာရေးက ရဲခေါ်ပြီး ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဦးကျင်ရွှေ၏ တူဖြစ်သူ ကလေးငယ် မောင်စိုးသူရထွန်း၏ ပေါင်ကို ကျည် နှစ်ချက်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဦးကျင်ရွှေအား ကညွှတ်ကွင်းရဲစခန်းသို့ လက်ထိပ်ခတ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဒုရဲအုပ်ဌေးလှိုင်က ” မင်းနဲ့ငါနဲ့ ပြောရမလား” ဟုဆိုကာ ဦးကျင်ရွှေကို စခန်းထဲတွင် သေနတ်ဖြင့် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

” မီတာရုံးက မီတာမဆောင်လို့ဆိုပြီး မီတာတာဖြုတ်တယ်၊ ကာယကံရှင်က မလုပ်ပါနဲ့ပေါ့၊ မီတာခဆောင်ပါ့မယ်လို့ပြောတာ မရဘူး၊ မီတာကိုဖြုတ်တယ်၊ စကားများကြတာပေါ့၊ အဲ့ဒီမှာ မီတာစာရေးက ရဲစခန်းကို ဖုန်းဆက်ခေါ်တယ်။ ရဲတွေရောက်လာတော့ ကလေးငယ်လေးက ကြောက်အားလန့်အားနဲ့ ပြေးထွက်လာတာ၊ အဲဒီမှာ ရဲက သေနတ်နဲ့ ပစ်တယ်၊ မောင်စိုးသူရထွန်းရဲ့ ပေါင်ကို နှစ်ချက်မှန်တယ်၊ အဲ့ဒီကနေ နှစ်ယောက်စလုံးကို ရဲစခန်းခေါ်သွားတယ်ပေါ့၊ ရဲစခန်းရောက်တော့ ဒုရဲအုပ်ဌေးလှိုင်က ဦးကျင်ရွှေကို မင်းနဲ့ငါနဲ့ ပြောလို့ဆိုပြီး သေနတ်နဲ့ပစ်လို့ ဦးကျင်ရွှေ သေနတ်ထိမှန်တယ်” ဟု ဖြစ်စဉ်ကို တွေ့ရှိခဲ့ရသူ မျက်မြင်သက်သေ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ကလေးငယ် မောင်စိုးသူရထွန်းသည် ဖြူးမြို့နယ်ဆေးရုံတွင် တက်ရောက် ဆေးကုသနေပြီး ဦးကျင်‌ရွှေမှာ အခြေအ နေ မကောင်းမွန်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း၊ ဦးကျင်ရွှေမှာ ဆင်းရဲနွမ်းပါးသူတဦးဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် ကညွတ်ကွင်း မြို့လျှပ်စစ်မှူး ကျော်စံလင်းက တိုင်းဒေသကြီး လျှပ်စစ်ဌာနသို့ အစီရင်ခံစာရတွင် လိမ်ညာလွဲမှား အစီရင်ခံထားကြောင်း၊ အိမ်ရှင်မှ တုတ်ဖြင့် ရိုက်သည်ဟူ၍ လည်းကောင်း၊ ဓားဖြင့်ခုတ်သည်ဟူ၍ လည်း ကောင်း မဟုတ်မမှန်ရေးသား အစီရင်ခံထားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူ ဦးကျင်ရွှေနှင့် ကလေးငယ် မောင်စိုးသူရထွန်းတို့ကို ထပ်မံ အမှုဖွင့် တရားစွဲရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article