ရန်ကုန်၊ စက်တင်ဘာ ၆
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yangon Urban Guerrilla Army (YUGA-Mo 7 Eagles) အဖွဲ့က ယနေ့ ည ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီခန့် ရာအိမ်မှူး အောင်ထူး သေဆုံးသွားကြောင်း ဒေသခံများနှင့် ရွှေပြည်သာပကဖ၏ ထုတ်ပြန် ချက်အရ သိရှိရသည်။
စက်တင်ဘာ ၆ ည ၇ နာရီ ၄၅မိနစ်ခန့်အချိန် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကို တော်လှန်ရေးရဲ ဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရာအိမ်မှူး အောင်ထူးဆိုသူသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်ပင် ဗုံးထပ်မံပေါက်ကွဲခဲ့ခြင်းကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု မရမ်းအင်းရွာမှ ဒလန်ဟု စွပ်စွဲခံရသူ အောင်ချစ်မင်း နှင့် နွားသမားများထံမှ နယ်ကျော်ဖြတ်သန်းခ မိုက်ကြေးခွဲ ကောက် ခံပြီး စစ်ကောင်စီထံ ထောက်ပို့နေသူ ဒလန် အောင်ဖဲ တို့ကို “ပဲခူး တိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်” သေနတ် ဖြင့် လေးချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“အောင်ချစ်မင်း က နေရာတွင် ပွဲချင်းပြီး သေတယ်။ အောင်ဖဲက ရန်ကုန်ဆေးရုံပို့တယ်။ သေသွားပြီလို့လည်းကြားတယ်။ စစ်ကောင်စီထံကနေ နွားနယ်ကျော် ဖြတ် သန်းခ ကောက်ခံငွေတွေ သွားပေးပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်အတူ ပြန်လာတုန်း ရွာလမ်းမှာအပစ်ခံရတာ။ ၂ ဦးလုံးသေတယ်ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် မြို့မ ရဲစခန်းကို စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် Dragon Brothers PDF တပ်ဖွဲ့က လက်လုပ် ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု ရှိ၊ မရှိကို အတည် မပြုနိုင်သေးကြောင်း GBK တပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ- ရွှေပြည်သာတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော စစ်ကောင်စီခန့် ရာအိမ်မှူး အောင်ထူး။