ရန်ကုန်၊ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် နောင်ထောဝ်ဒေသရှိ အကြမ်းဖက် စစ်တပ် တပ်စခန်း ၂ ခုကို စက်တင်ဘာလ ၁၂ ရက်နေ့သ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ် တပ်ပေါင်းစု USSFU က ဝင်ရောက် တိုက်ခဲ့ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၂၀ ဦးခန့်သေဆုံးကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် တပ်စခန်း ၂ ကို USSFU တပ်ပေါင်းစုက စစ်ကြောင်း ၄ ကြောင်းခွဲကာ တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂၀ ခန့်သေဆုံးကာ ထိုသေဆုံးသူများထဲမှ စနိုက်ပါ တပ်စု၏ ပစ်ခတ်မှုကြောင့် နောင်ထောဝ်ဂိတ်စခန်း ခေါင်းဆောင် ဗိုလ်ကြီး ၁ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ စစ်ခွေးစခန်းဝင်ပစ်နေတုန်းမှာ နောင်ထဝ်ရွာအခြေစိုက် PNO တွေ ထွက်ပြေးသွားတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ဆီဆိုင်မှာ အခြေစိုက်တဲ့ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေ ကား ၃ စီးနဲ့စစ်ကူလာတယ်၊ တစ်စီးမှာ ၂၅ ယောက် ဝန်းကျင်ပါတယ်။ စစ်ကား ၁ စီး၊ PNO ကား ၂ စီးပါ။ ကျနော်တို့က လူမျိုးရေးပဋိပက္ခမဖြစ်အောင် ကျနော်တို့ ထိပ်တိုက်ရင်မဆိုင်ဘဲ ရှောင်ထွက်ပေးခဲ့ရတယ်၊ ဒါပေမယ့် PNO တပ်ဖွဲ့အနေနဲ့ စကစနဲ့ ထပ်ပေါင်းနေရင် ကူညီနေရင်တော့ ထိပ်တိုက်တွေ့ဖို့ ရှိကောင်းရှိလာနိုင်ပါတယ်” ဟု PNDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
တိုက်ပွဲအတွင်း USSFU တပ်ပေါင်းစုဘက်မှ ကျည်အင်အား လုံလောက်မှု အား နည်းခြင်း၊ လက်နက်ကြီး မလုံလောက်ခြင်း၊ အကြမ်းဖက် စစ်တပ်က စက် သေနတ်ပစ်ကူများ၊ လက်နက်ကြီး ပစ်ကူများအဆက်မပြတ် ပစ်ခတ်နေခြင်း၊ စစ်ကူတိုက်လေယာဥ်မှ ၆ ကြိမ် လာရောက် ဗုံးကြဲပစ်ခတ်ခြင်း၊ စစ်ကူလာရောက်သော PNO တပ်ဖွဲ့သည် တိုင်း ရင်းသားအချင်းချင်း သွေးခွဲသပ်လျိုနေသော ဘုံရန်သူ စစ်ကောင်စီ မဟုတ်ခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင်လိုခြင်းမရှိ၌ USSFU တပ်ပေါင်းစုမှ ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။
ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစု (United Southern Shan Federal Union – USSFU)သည် အမှတ် 1005 တပ်ရင်း၊ အမှတ် 1008 တပ် ရင်း (SSRY)၊အမှတ် 1009 တပ်ရင်း (ယခင် အင်းလေးဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-IPDF)၊ NUG လက်အောက်ခံ တပ်ရင်း ၁ ရင်း နှင့် ပအိုဝ်း အမျိုးသား ကာကွယ်ရေးတပ် (PNDF) စသည့် မဟာမိတ် တပ်ရင်း ၅ ရင်း တို့ဖြင့် ဖွဲ့ထားခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁၂ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမောဆိုးမြို့နယ် သေး ဆူလဲကျေးရွာတွင် KNDF/B-05 နှင့် KRU ပူးပေါင်းအဖွဲ့များက ကင်း ထောက်နေစဉ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄) ဦးခန့်သေဆုံးခဲ့သည်ဟုအတည်ပြုနိုင်ခဲ့ကြောင်း KNDF/B-05 ၊ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)၊ တပ်ရင်း ၅ က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- PNDF တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ။