34 C
Yangon

ဒီပဲယင်းတွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ်များ အပါအဝင် ၆ ဦး ထက်မနည်းသေဆုံး၊ တန့်ဆည်တွင်လည်း စစ်တပ်က အုတ်ဖိုအိုင် ရွာသား ၁၀ ဦးကို မီးရှို့သတ်ဖြတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရဟတ်ယာဥ်များဖြင့် ပစ်ခတ်ခဲ့ပြီး အင်ပင်ကျေးရွာမှ ကလေးများ အပါအဝင် ၆ ဦး ထက်မနည်း သေဆုံးကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဥ်များသည် မွန်းလွဲ ၁ နာရီခန့်တွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ မူးခတွင်း၊ ညောင်ကြီးကုန်းနှင့် အင်ပင်ကျေးရွာများကို ပစ်ခတ်ခဲ့ပြီး အင်ပင်ကျေးရွာမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ ကျေးရွာ စာသင်ကျောင်းတွင် တက်ရောက်နေသည့် ကလေးငယ် ၃ ဦးနှင့် ပြည်သူ ၂ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

” လတ်တလောရရှိတဲ့ သတင်းတွေအရတော့ ရဟတ်ယာဥ်နဲ့ စစ်တပ်က လာပစ်လို့ အင်ပင်ရွာက အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံးတယ်လို့ သိရသေး တယ်။ စစ်တပ် စစ်ကြောင်းက လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းမှာရှိတဲ့ ကလေးတွေနဲ့ ရပ်မိရပ်ဖတွေကိုလည်း ဖမ်းဆီးပြီး ပစ်သတ်သွားတာတွေလည်း ရှိတယ်လို့ သိရတယ်။ အကျအဆုံး စာရင်း အတိအကျတော့ မသိရသေးဘူး။ ပြည်သူတွေ ထိခိုက်သေဆုံးမှုများနိုင်တယ်။ ရွာထဲမှာ စစ်ခွေးတွေ​တော့ မရှိတော့ဘူး။ ပြန်ဆုတ် သွားပြီး ရွာသားတွေ ရွာထဲ ပြန်ဝင်နေတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ထံမှ သိရသည်။

လက်ယက်ကုန်းကျေးရွာ အတွင်း အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း ပစ် ခတ်မှုကြောင့် အင်ပင်ကျေးရွာမှ တံငါလုပ်ငန်း လုပ်ကိုင်နေသော သားအဖ နှစ်ဦးအနက် သားဖြစ်သူမှာ သေဆုံးသွားကြောင်း၊ ထို့အပြင် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ စစ်ခွေးများ ဝင်ရောက် ပစ်ခတ်စီးနင်းမှုကြောင့် အပြစ်မဲ့ ကျောင်းသားကလေးနှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ ကျောင်းအတွင်းရှိ ကျောင်းသား/သူ ကလေးငယ် ၂၀ ကျော်ခန့် နှင့် ဆရာဆရာမ ကျေးရွာရပ်မိရပ်ဖ တချို့ကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး ကျောင်းကား၊ လူမှုရေးကား၊ ဘုန်းကြီးကားများဖြင့် ဒီပဲယင်း၊ရေဦး လမ်းဆုံ ဘက်သို့ စခများထွက်ခွါသွားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် ရဟတ်ယာဥ်များဖြင့် ပစ်ခတ်တိုက်သောကြောင့် ဦးခေါင်းနှင့် ပေါင်တို့ကို ကျည်ထိမှန်ကည အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် ကျောင်းသား ၄ ဦးအပါအပါအဝင် အနည်းဆုံးပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၁၂) ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ထုတ်ပြန်ထားသည်။

အလားတူ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ရွာကို အကြမ်းဖက် စစ်တပ်က စက် တင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၁၀ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များနှင့် ဒေသခံ ပြည်သူများထံမှ သိရသည်။

အင်္ကုက္ကားရွာတွင် စခန်းချထားသော တပ်မ ၃၃ လက်အောက်ခံ အကြမ်းဖက် စစ်တပ်သည် အုတ်ဖိုအိုင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ အများအပြား ဖမ်းဆီးခံရကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဖမ်းဆီးထားသည့် ပြည်သူများကိုပါ မီးရှို့သတ်ဖြတ်သွား​ကြောင်း သိရသည်။

” သေဆုံးသူ မည်သူမည်ဝါဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ရုပ်အလောင်းတွေက မီးရှို့သတ်ဖြတ်ခံရတာဆိုတော့ ခွဲခြားဖို့ ခက်နေတယ်။ ရွာထဲကို တချို့တော့ ပြန်ရောက်နေပြီလို့ သိရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီးနေညက် ယနေ့ညနေပိုင်းတွင် ဒေသခံ ပြည်သူများ ရွာတွင်းသို့ ပြန်လည်း ဝင်ရောက်ချိန်တွင် မီးရှို့သတ်ခံရသော အလောင်း ၁၀ လောင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့​ကာ ဒေသခံ ပြည်သူညတချို့ကို အင်္ကုက္ကားရွာသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း Taze News အဖွဲ့ထံမှ သိရသည်။

Photo – ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်သောကြောင့် ယနေ့ ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article