ရန်ကုန်၊ စက်တင်ဘာ ၁၇
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်အာဏာရှင်ထောက်ခံသူ မဘသ ဘုန်းကြီး ပေါက်ကိုယ်တော် ဦးအရိယာဝံသ၏ မွေးရပ်မြေ ကျေးရွာကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ပြီး ဝင်စီးကာ ကျေးရွာတွင်း မွှေနှောက်ပြီး ဆိုင်ကယ်များ လုယူသွားခဲ့ကြောင်း ပေါက်ကိုယ်တော်က လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်ပြောဆိုသည်။
မကွေးတိုင်း၊ ပေါက်မြို့နှင့် တစ်မိုင်သာ ဝေးသော မဘသ ဘုန်းကြီး ပေါက်ကိုယ်တော်၏ မွေးရပ်မြေ ဒေါင်းသာကျေးရွာကို ယနေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်တပ်က သေနတ်များ ပစ်ဖောက်၍ ဝင်ရောက်လာကြောင်း၊ ၎င်း၏ ကျေးရွာတွင် PDF မရှိဘဲ စစ်တပ်က ဝင်စီးခြင်းဖြစ်ကြောင်း၊ ၎င်း၏ နေအိမ်ကိုလည်း မွှေနှောက်ဖျက်ဆီးသွားပြီး ဆိုင်ကယ်များ ယူဆောင်သွားကြောင်း ၊ နယ်မြေခံ စစ်အရာရှိ သက်ဝေလင်းထံ ဖုန်းဆက်၍ ဆိုင်ကယ်များ ပြန်ပေးရန် ပြောမှသာ ဆိုင်ကယ်များကို လမ်းတွင် ချန်ထားပေးခဲ့ကြောင်း ပေါက်ကိုယ်တော်က ပြောဆိုသည်။
“စစ်ကြောင်းတွေအနေနဲ့ နယ်မြေခံတွေကို မေးသင့်တယ်။ စစ်ကြောင်းတွေအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ တဒိန်းဒိန်းနဲ့ပစ်ပြီ ဗျောက်ဖောက်သလိုပဲ။ ရွာသူရွာသားတွေကလည်း ပြေးရတာပေါ့။ အိမ်တွေကို ဝင်တယ်။ ဦးဇင်းတို့အိမ်ကအစ ၊ ဦးဇင်းတို့ သေတ္တာတွေအစ လျှောက်ပြီး မွှေမွှဖွသွား။ အကုန်လုံးရစရာမရှိအောင်ပဲ။ ကျေးဇူးတင်ရဦးမယ်။ အိမ်ကို မီးမရှို့သွားတာကိုပဲ။ ပေါက်ကိုယ်တော်ရဲ့ မယ်တော်အိမ်မွှေပြီ။ အခုလိုလုပ်သွားတာကောင်းပါတယ်။ ဆိုင်ကယ်တွေ ယူသွားလို့ နယ်မြေခံ ဗိုလ်ကြီးလား ဗိုလ်မှူးလား သက်ဝေလင်းကို ဖုန်းဆက်ရတယ်။ အဲဒီတော့မှ ဆိုင်ကယ်တွေ ပြန်ထားသွားတယ်” ဟု ပေါက်ကိုယ်တော် က ဆိုသည်။
ပေါက်ကိုယ်တော်သည် ဦးဝီရသူ၏ တပည့်အရင်းဖြစ်ပြီး ရန်ကုန်တွင် ယမန်နှစ် စစ်တပ်နှင့်ရဲများကို အစားအစာများ လိုက်လံထောက်ပံ့သူလည်းဖြစ်ကြောင်း၊ စစ်တပ်ထောက်ခံပွဲများတွင် ရှေ့တန်းမှ ဦးဆောင်သူဖြစ်ပြီး မဘသနှင့် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးတစ်ပါးလည်းဖြစ်သည်။
ဓာတ်ပုံ- စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်၏ ဓာတ်ပုံနှင့် ယနေ့ ၎င်း၏ မွေးရပ်မြေကျေးရွာကို စစ်တပ်က ပစ်ခတ် ဝင်စီး ဖျက်ဆီး၍ တင်ထားသော လူမှုကွန်ရက်ပို့စ်။