ရန်ကုန်၊ စက်တင်ဘာ ၂၂
အကြမ်းဖက်စစ်ကောင်စီက လက်ကိုင်မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးပြီး PDF Game Application ပါလျှင် အရေးယူရန်နှင့် ကြော်ငြာ လုပ်ငန်းရှင်များကို အရေးယူရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
တော်လှန်ရေးရန်ပုံငွေအတွက် PDF Game Application များကို တီထွင်အသုံးပြုလျက်ရှိရာ ဂိမ်းများအနေဖြင့် PDF Hero ၊ PDF Hero-2 ၊ End Game -Union Mutiplayer War of Heroes စသည် ဂိမ်းများ ပါဝင်ပြီး စစ်တိုက်ဆော့ကစားနည်းတွင် ကျည်ဆန်ဝယ်ယူ၍ ဂိမ်းမှ ပေးထားသည့် ကြော်ငြာများအား ပြီးဆုံးတိုင်အောင် ကြည့်ရှုလျှင် အလှူငွေ ၅၀ ကျပ် အလိုအလျောက်ပေးသွင်းပြီး ဖြစ်ကြောင်း၊ PDF ဂိမ်းသည် အွန်လိုင်းဂိမ်းဖြစ်ပြီး အလွယ်တကူ ကစားနိုင်ရန် မြန်မာ/အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့် စီမံပြုလုပ်ထားကြောင်း စစ်ကာင်စီ၏ တိုင်းဒေသကြီးအစိုးရ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
PDF ကစားနည်းသည် လက်ရှိတွင် Level 52 အထိ ဆော့ကစားနိုင်သဖြင့် ဂိမ်းပြီးဆုံးသည်အထိ Software ရေးဆွဲပါက ဆော့ကစားသူများပြားလာနိုင်ခြင်းကြောင့် အထောက်အပံ့ဖြစ်နေကြောင်း၊ လူငယ်များကို အသိပညာပေးရန်၊ စစ်ဆေးရေးအဖွဲ့များအနေဖြင့် လက်ကိုင်ဖုန်းများကို ကြည့်ရှု စစ်ဆေးရန်၊ PDF ဂိမ်းထည့်ထားလျှင် ဥပဒေအရေ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုင်းဘုတ်များဖြင့် အသိပညာပေးရန်၊ ကြော်ငြာထည့်သွင်းနေသည့် လုပ်ငန်းရှင်များကို အရေးယူရန် စစ်ကောင်စီ၏ ညွှန်ကြားစာတွင် ရေးသားထားသည်။