ရန်ကုန်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် ကတုံးပေါ် နယ်မြေရဲစခန်းကို ယနေ့ မွန်းလွဲပိုင်းတွင် ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိကြောင်း ဒေသခံများနှင့် PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။
စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန် သုံးခွမြို့နယ် ကတုံးပေါ်နယ်မြေရဲစခန်းကို ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး စခန်းထဲ့သို့ကျရောက်ပြီး ထိခိုက်မှုများရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သုံးခွ အပိုင် ကတုံး ပေါ်ရဲစခန်း ၄၀ မမ နဲ့ပစ်ခံရပြီး ထိခိုက်မှုရှိပါတယ်။ မွန်းလွဲ ၁ နာရီ ၃၀ အချိန်ကဖြစ်ပါတယ်။ ကတုံးပေါ် နယ်မြေရဲစခန်းက ခရမ်းမြို့နဲ့လည်း ထိစပ်နေတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတော့ ရဲစခန်းပတ်ဝန်းကျင်အကုန်လုံးကို လိုက်စစ်ပြီး လူငယ်တွေကို ဒူးထောက်ပြီး ရိုက်နှက်ကန်နေတာတွေ့ရတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။
အလားတူ ယနေ့ နေ့လယ်ပိုင်း ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာ (ဈ) ရပ်ကွက်ရုံးတွင် ဗုံးတွေ့ရှိရသဖြင့် လမ်းပိတ်ဖောက်ခွဲလိုက်ပြီး လူငယ် တချို့ အဖမ်းဆီးခံရကြောင်း၊ ဗုံးမှာ ပေါက်ကွဲခြင်းမရှိဘဲ စစ်တပ်က ဖြုတ်ယူ ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ရှိ KBZ ရုံးတွင် ယနေ့ နေ့ယ်ပိုင်း ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရေဦးတစ်မြို့လုံးကို ပိတ်ဆို့ ရှာဖွေမှုများလုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံအနီး၊ ရန်ကုန် – မန္တလေးလမ်းနှင့် (၆၂)လမ်းထိပ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်း စစ်အုပ်စု ၁၅ ယောက်ပါတဲ့ စစ်ကားတစ်စီးကို ပဒေသာမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထိခိုက်ကြောင်း မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ – Generation Z Power – GZP Mandalay က သတင်း ထုတ်ပြန်သည်။
စက်တင်ဘာ၂၁ ရက် နေ့လယ်ပိုင်း စက်မှုပန်းခြံအနီး စစ်ကားဖြင့် လှည့်နေသည့် စစ်အုပ်စုကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစတပ်ဘက်မှ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး နှစ်ဦးမှာ ဒဏ်ရာပြင်း၍ သေဆုံးနိုင်ကြောင်း GZP ဖွဲ့က သတင်းထုတ်ပြန်ထားသည်။