ရန်ကုန်၊ စက်တင်ဘာ ၂၃
မန္တလေး၊ ၃၆ ၆၉ လမ်းရှိ စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မန္တလေးစည်ပင်အရာရှိရိပ်သာတွင် ယခင်အပတ်က စစ်ကောင်စီတပ်များ ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲခဲ့ကြပြီး ယနေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်တပ်က ဗုံးပေါက်ပြီးနောက် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
“ပေါက်ကွဲမှုဖြစ်ပြီးတော့ သေနတ်သံ ၂ ချက် ၃ ချက် ဆက်တိုက်ကြားရတယ်။ အထိအခိုက် ၂ ဦးရှိတယ်။ လမ်းတွေပိတ်သွားပါပြီ။ သွားလို့မရတော့ဘူး။ အရပ်ဝတ်နဲ့ခွေးများလမ်းပေါ်မှာရှိနေကြပါတယ်။ စစ်ခွေးကားတချို့လည်းမြင်ရတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ဆိုသည်။
မန္တလေးကင်းထောက် VOMDY က စည်ပင်ဝင်းထဲဗုံးပေါက်ပြီးနောက် စစ်တပ်က ပစ်ခတ်နေ၍ ပြည်သူများ ယင်းနေရာကို ရှောင်တိမ်းသွားလာကြရန်နှင့် လက်ရှိအချိန်တွင် လမ်းများပိတ်ဆို့ထားကြောင်း ပြည်သူများကို သတိ ပေးချက် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မန္တလေး စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ယနေ့ ညနေ ပိုင်း ဗုံးပေါက်ပြီးနောက် လမ်းများကို သံဆူးကြိုးဘယ်ရီရာများဖြင့်ပိတ်ဆို့ထားစဉ်။
